အမှန်တရားး ....
ကိုယ်တိုင်ကျင့်သုံးကြည့်လို့ မနိုင်တဲ့
ကိုယ်တိုင်ထုတ် စည်းမျဉ်းများ
ဆုပ်ကိုင်လို့မရတဲ့ သက်သေပြုချက်တွေထဲမှာ
ချစ်ခြင်းတရားတွေ ပါတယ်
ကြွေတာကိုက ပွင့်ခြင်းပဲဆိုတာ........
အသွားနှင့်အပြန်
ဘယ်အရာမှ လွန်မဆွဲဘူး
အမှန်က ဘယ်အရာမှမမှားဘူး
မျက်လုံးတွေသာ အမြင်မှန်မရသေးတာ
ခံနိုင်အားတွေဆိုတာကလဲ
သုံးသပ်နိုင်မှုအပေါ်မှာ မူတည်တယ် ။ ။
အားလုံးဟာ တဏှာဆိုတော့
သံယောဇဉ် အဖြူထည်လေးလဲ
ပါတာပေါ့
ခင်ဗျားဘယ်လောက်ပဲ အံကြိတ်တောက်ခေါက်ခေါက်
ဟောဒီလောကဓံကတော့ အနိုင်ရနေအုံးမှာပဲ
ဒါပေမယ့် အနိုင်လိုချင်မှုကိုတော့ ကိုယ့်ဘာသာ
ကြိုးကွင်းမစွပ်နှင့် ...............
အရာအားလုံးဟာ သူ့သက်မှတ်ချက်နှင့်သူ
စည်းချက်ကိုကိုက်လို့
သွားမထိနှင့် လေးစားမှုတွေကြေကွဲသွားမယ် ။ ။
အလကားပါ
ဒါတွေက ခပ်ပေါပေါဟန်ဆောင်မှုတွေ
(သူမရှိရင်လဲ သိပ်မလေးနက်ပြန်ဘူးဗျ )
တိုးတိုးပြော ကံကောင်းမှုတွေ လန့်ပြေးကုန်မယ်
ဆိုလိုတာက
အဓိပ္ပါယ်တွေ ခုန်ထွက်ကုန်မှာဆိုးလို့
ပြောနေရတာ
ဟော နောက်ဆုံးဇာတ်သိမ်းပိုင်းမှာ
ကဗျာဆရာရဲ့ နှလုံးသားက လောင်းရိပ်ကင်းမှ
စကားလုံးတွေ ကြွထလာတာ ........................ ။ ။
မိုးဇက်

