တစ်နေ့က နက်ဆိုး(Demon) ဘော်ဒါဆီအလည်သွားတယ် ။ ၈၇ လမ်း မှာနေတဲ့ ဒေါက်တာထူးမြင့်ဆီကိုပါ ။ ဒီကောင်ကြီးကလဲမိန်းမရပီးမှ ကိုယ်တွေဆီကိုမလာတာ အတော်ကြာတော့ သတိတရသွားတာပါ ။ ဘာရယ်မဟုတ်ပါဘူး သူကျောင်းတတ်တုန်းကတော့အမြဲလိုလို တွဲဖြစ်တဲ့ဘော်ဒါတွေပေါ့ ။ နက်ဆိုးက ဒီလိုပဲလမ်းကြုံတဲ့လူကို ပေါင်းတာဆိုတော့အဟီး ။
အိမ်ရှေ့ရောက်တော့သူ့မိန်းမကို အခန့်သားတွေ့တယ် ။
“ဟဲ့ နင့်ယောက်ျားငါ့သယ်ချင်း ဒေါက်ချာ ငထူး ရှိလား ”
“အပြင်သွားတယ်၊ ခဏနေပြန်ရောက်မယ် ၊ လာအထဲဝင်လေ ”
နက်ဆိုးလဲလာနေကျဆိုတော့ သူ့မိန်းမနှင့်လဲ ခင်နေတော့ ကိုယ့်ကို ဧည့်ခန်းထဲဝင်ခဲ့ဖို့ခေါ်တယ် ။ဧည့်ခန်းထဲမှာ လူငယ်တစ်ယောက်နှင့် သူ့မိန်းမက စကားပြောနေတယ်ဗျ ။ ကောင်လေးက လူရည်သန့်လေးပါ။ နက်ဆိုးကလဲ ကောင်လေးဘေးမှာဝင်ထိုင်လိုက်တယ် ။
“နင်ဘယ်ကလှည့်လာတာလဲ”
“ဒီကိုပါပဲဟာနင့်ငထူးမတွေ့တာကြာလို့ လာတာပါ ”
“အေး ၊ ခဏနော်ငါဟင်းချက်ရင်းတန်းလန်းမို့ ၊ ထမင်းစားပီးမှ ပြန်ပါ့လား ”
“ဟင်းကောင်းရင်စားသွားမယ်”
အဟဲ ရုပ်တည်ပဲ၊ အခွက်ကလဲပြောင်တယ် ၊ တစ်ကယ်လဲကောင်းရင်စားသွားမှာ ။
“အေး ၊ ဒါနှင့်သူ့နာမည်က ကျော်ထူးတဲ့ ၊ သူလဲ နင့်သယ်ချင်းကိုဆောင့်နေတာ ၊ နင်တို့စကားပြောနှင့် ငါထမင်းသွားချက်လိုက်အုံးမယ်”
သကောင့်သားမိန်းမကပြောပီး ဆောင့်ငင့်ဆောင့်ငင့်နှင့်မီးဖိုချောင်ဖက်ဝင်သွားတယ် ။ နက်ဆိုးလဲ ရှေ့စားပွဲပေါ်ကဆေးကျောင်းထုတ် ကျမ်းမာရေးစာဆောင်ကို ယူဖတ်နေလိုက်တယ် ။ အတော်ကြာတော့ ကောင်လေးက စကားပြောဖော်စရှာတယ်။
“ဆရာက ဆရာထူးတို့နှင့် Batch (Batch = ကျောင်းတတ်တဲ့နှစ် တူတာကိုပြောတာပါ) အတူတူလား ”
“ အာ………………ဘယ်ကလာ၊ ကိုက ဆရာဝင်မဟုတ်ပါဘူး ”
“အော် ”
ကောင်လေးကနက်ဆိုးစာဆောင်ကို ရုပ်တည်ကြီးနှင့် သိသလို တတ်သလို ဖတ်နေတာကို အထင်ကြီးပီးမေးနေတာ ။ ပီးတော့ “အော် ” ဆိုပီး နက်ဆိုးကိုစိတ်ဝင်တစားကြည့်နေတာ အသေအချာကြီးကို ။ နက်ဆိုးလဲ စာအုပ်ကိုစားပွဲပေါ်ပြန်တင်ပီး
“ဆေးပညာဟာအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ကွ ”
နက်ဆိုးကအဲလိုပဲကိုယ့်ကိုအထင်တကြီးရှိလာပီဆို လွတ်တော့တာ (လေ) ။ ကောင်လေး မျက်လုံး တောက်တောက်လေးနှင့်နားထောင်နေတယ်။
“ဟုတ်ကဲ့”
“ ဒါနှင့်ငါပြောရအုံးမယ်ကွ၊ မင်း ယုံ တွေအကြောင်းကိုသိလား ”
“အင် ဘာပြောတာလဲ”
ကောင်လေးကနက်ဆိုး အရင်းမရှိ အဖျားမရှိ ပြောလိုက်တဲ့စကားကို နားမလည်ဘူး နဝေတိန်တောင်နှင့်ပြန်မေးတယ်။
“အော် ………ယုံ ဆိုတဲ့သတ္တဝါကို ဆေးပညာဆိုင်ရာ လေ့လာတွေ့ရှိမှုအကြောင်းပါ ”
“ဟုတ် ၊ ပြောအစ်ကိုဘာတဲ့လဲ ”
“ သူတို့ရဲ့Digestive tract (အစာအိမ်လမ်းကြောင်း) က လူနှင့်အတော်ဆင်တူတယ်ကွ”
“ ဟင် ၊ ဟုတ်လား ၊ ဘယ်လိုတူတာလဲဗျ ”
ကောင်လေးမသိနားမလည်သော အကြောင်းအရာကြောင့် စိတ်ဝင်စားစွာ စကားထောက်ပေးတယ် ။
“ အင်း………..သူတို့ရဲ့ Esophagus လို့ခေါ်တဲ့အစာရေမြို ၊ Stomach လို့ခေါ်တဲ့အစာအိမ် ၊ Intestine ဆိုတဲ့ အူအပိုင်းတွေ ၊ Rectum & Anus လို့ခေါ်တဲ့ စွန့်ထုတ်အင်္ဂါအပိုင်းတွေက အတော်ဆင်တယ်ကွ။ ပီးတော့အဲ့ဒါတွေရဲ့လုပ်ဆောင်မှုအပိုင်းတွေလဲ အတော်ဆင်တူတယ် ”
“ ဟုတ်ကဲ့”
“ ဒါပေမယ့်ယုံ တွေမှာတစ်ခုထူးခြားတာက ”
နက်ဆိုး ဆက်မပြောသေးပဲကောင်လေးကို စိုက်ကြည့်လိုက်တယ် ။ ကောင်လေး စိတ်အားထက်သန်စွာ နားထောင်နေတာတွေ့တော့ ကျေနပ်စွာပြုံးလိုက်ပီး၊
“…………..အရွတ်စိမ်းတွေ၊ မြတ်တွေပဲစားကြတော့ ၊ Digestion ကိုတစ်ခါထဲအပီးမလုပ်ဆောင်နိုင်ဘူး Stomach ကအစ ၊Rectum ပိုင်းအဆုံး ။ သူတို့စားတဲ့ဟာတွေကို သူ့ရဲ့ Appendix လို့ခေါ်တဲ့ အူအတတ်လေးကလူတွေထက်ရှည်တယ် ၊ လူတွေမှာက ရှိတယ်ဆိုရုံပဲ ၊ အဲ …. အဲ့အထဲမှာသိမ်းထားတယ် ။ နောက်မှမစင်အဖြစ်စွန့်ထုတ်ပီး ပြန်စားတယ် ”
“ဘယ်လို ….ဘယ်လိုအစ်ကို ၊ ကျွန်တော်နားမလည်ဘူး ”
“ အော် ……ဒီလိုကွ ၊ သူတို့က ပထမ ဥပမာ မြတ်တွေကိုစားလိုက်တယ်ကွာ ၊ အစာအိမ်ထဲရောက်တယ် ၊ ချေဖြတ်တယ်၊ နောက် အစာအိမ်အောက်ခြေမှာရှိတဲ့ အူအတတ်လေးထဲကိုထည့်သိမ်းထားတယ်ကွ ၊ ပီးတော့ ညအချိန်ရောက်ရင်မစင်အဖြစ်ပြန်စွန့်တယ်ကွာ ၊ ပီးတော့ အဲ့မစင်ကိုပဲ ပြန်စားပီး ၊ ကျန်ရှိနေသေးတဲ့ အဲ့အထဲကအဟာရတွေကို Digestive system တွေက စုပ်ယူတယ် ၊ သူတို့ရဲ့ အစာခြေဖျက်မှုစစ်စတန်က အားနည်းလို့ဒီလိုဖြစ်သွားတာကွ ”
“ ဟင် ၊ ဟုတ်လားဗျ၊ အင်း……. အင်း…………. ဆေးပညာရဲ့ ရှာဖွေတွေ့ရှိမှုတွေက စိတ်ဝင်စားစရာပဲဗျ ”
“အေးကွ ပီးတော့……..”
စကားတောင် ဆုံးအောင် မပြောလိုက်ရသေးဘူးသကောင့်သားမိန်းမက ဧည့်ခန်းထဲ ရောက်လာတယ် ။
“ အေးဟယ်၊ ထူးမြင့်ကလဲ ခုထိပေါ်မလာသေးဘူး ၊ သွားလိုက်ရင် ဆူဋလိပ် ရေထဲလွတ်လိုက်သလိုပဲ တော်တော်နှင့်ပေါ်မလာဘူး”
ဆိုပီး သူ့ယောက်ျားကိုဂုဏ်တွေဒပ်တွေတပ်ပီးမေတ္တာပို့နေတာ ၊ ပီးမှ
“ ကျော်ထူးလဲသူ့ကိုဆောင့်နေတာ ၊ သူက တတိယနှစ်စာမေးပွဲအတွက် ထူးမြင့်ဆီမှာ စာလာမေးတာ ၊ ဆောင့်နေတာကြာပီ ”
နက်ဆိုး မျက်လုံးအတောင့်လိုက် ပြူးသွားတယ်၊ သကောင့်သား မိန်းမ ပြောတဲ့စကားကြောင့် ၊ ဒါနှင့် ထိတ်လန့်တကြား ထမေးလိုက်တယ် ။
“ ဟင်…… သူကဆေးကျောင်းသားလား ”
“ဟုတ်တယ်လေ၊ ခုတတိယနှစ်ကို Supply ( ကျသောကြောင့် ကျတဲ့ဘာသာကိုပြန်ဖြေခြင်းကိုခေါ်သည် ။) ထိလို့လေအဲ့ဒါ ထူးမြင့် ဆီမှာ စာလာမေးတာလေ ၊ နင်ကလဲ အလန့်တကြား ဘာဖြစ်လို့လဲ ”
နွားရှေ့ထွန်ကျူးလို့ကျတဲ့ချွေးသီးချွေးပေါက်များလို ၊ မျက်ဖြူစိုက်သွားသော နောင်တတွေနှင့်
“ ဟိုလေ ………..အဟီး ………… ဘာမှမဟုတ်ပါဘူး ”
“ ဟိုလေ…………ဝင်စရာလေးရှိလို့ ဒိုးလိုက်အုံးမယ် ”
“ဟင် ၊ နင်ထူးမြင့်ကို မဆောင့်တော့ဘူးလား ”
“ ဟို………အဟီး………… မဆောင့်တော့ဘူး ၊ ဒီကောင်လာရင်သာ ငါလာသွားတယ်လို့ပြောလိုက် ၊ ညကျတော့လဲငါသူ့ဆီကိုဖုန်းဆက်လိုက်ပါ့မယ် ။ အခုတော့ လစ်ပီ ……….. အဟီး ”
သကောင့်သားမိန်းမချက်တဲ့ထမင်းလဲမစားဖြစ်တော့ဘူး ၊ ဆက်ထိုင်ရမှာလဲ အတော်စတွန့်သွားတယ် ၊ နောက်ကျောလဲကိုယ့်ဘာသာမလုံ၊ စပ်ဖြဲဖြဲ ရှက်ကန်းကန်းနှင့် ဆိုင်ကယ်ဦးထုတ်ကောက်ဆောင်းပီး တစ်ချိုးထဲထလစ်လာတာမှုံနေတာပဲ ။
နက်ဆိုး( Demon )
အားပေးသွားပါတယ်