________________________________________________________________________________________________________________________________________ |||||| နှစ်ဦးသဘောတူနေ့ဆွဲများ |||||| ____ မြင်မြင်ခြင်းတစ်ယောက်ဘဝထဲကိုတစ်ယောက် လေးလေးနက်နက်နစ်မြုပ်ခဲ့ကြ ......___________________ တွေ့တွေ့ခြင်းတစ်ယောက်အာရုံထဲရှိတာတစ်ယောက် အလိုအလျှောက်သိမြင်နားလည်ခဲ့ကြ ......._________________ တစ်ယောက်ရင်ဘက်ကိုတစ်ယောက် ဓါးနှင့်ပေါက်လက်တည့်စမ်းခဲ့ကြ ~~ ~~~________________ စိတ်ကူးယဉ်ကိတ်မုန့်တစ်လုံးကို အတူဖုတ်ပြီး မက်မက်မောမော စားခဲ့ကြ ...............___________________ ကျေနပ်ခြင်းသီးစုံဖျော်ရည်တစ်ခွပ်ကို အတူဖျော်ပြီး အငမ်းမရမော့သောက်ခဲ့ကြ ......______________________ ပင်စည်တစ်ခုပေါ် ပိုးမွှားတွေလိုတွယ်ကပ် ~~~ ~~~~ ပြင်းပြတဲ့တပ်မက်ခြင်းတွေနှင့် အတူတစ်ကွရှင်သန်ခဲ့ကြ .......______________________ တစ်ယောက်အိမ်မက်ကိုတစ်ယောက်ဖောက်ထွင်း ~~~ ~~~ ငြိမ်သက်ခြင်းကြမ်းပြင်ပေါ်မှာ ပင့်သက်တွေ ပြစ်ချခဲ့ကြ ......._______________________ တစ်ယောက်မျက်လုံးထဲတစ်ယောက်ပြေးဝင် ~~~ ~~~ ပွင့်ပွင့်လင်းလင်းချဉ်ခြင်းတတ်ခဲ့ကြ ......... ______________________ တစ်ယောက်မနက်ဖြန်ကိုတစ်ယောက်စာချုပ် ~~~ ~~~ မမြင်ရတဲ့အချိန်ကာလကို ဖမ်းဆုပ်ခဲ့ကြ .......___________________________ ပြန်စဉ်းစားကြည့်တော့ နောက်ကျနေတဲ့ ရထားပေါ်မှာ ~~~ ~~~ ကြင်ကြင်နာနာပြစ်မှား တစ်ယောက်နှင့်တစ်ယောက် ပြစ်စလက်ခတ်အသားခြင်းထိမိခဲ့ကြ ........______________________________ ရေစီးသန်တဲ့မြစ်ကိုစွန့်စွန့်စားစားကူးဖြတ် ~~~ ~~~ တစ်ယောက်အတ္တကိုတစ်ယောက် ကြက်ခြေခတ်မိခဲ့ကြ .........________________________________ ရှုပ်ထွေးကောက်ကွေ့လွန်းတဲ့လောကအလယ် ~~~ ~~~ တစ်ယောက်နှင့်တစ်ယောက် မိုက်မိုက်ကမ်းကမ်း ငြိတွယ်မိခဲ့ကြ ~~~ ~~~~ ဘာများဆန်းကျယ်လို့လဲကွယ် ... ...__________________________ လှသန်း(လက်မရွံ့ ကဗျာဆရာ)

ဒီစာဟာ ကဗျာမဟုတ်ဘူး / မိုးဇက်သေပီ


ဒီစာဟာ ကဗျာမဟုတ်ဘူး ၊ ကြိုပြောထားမယ်ဗျာ ဖြစ်နိုင်ရင်ဆက်မဖတ်ပါနှင့် ဒီဟာ ကဗျာမဟုတ်ဘူး ။ ခင်ဗျားတို့ ဖတ်လဲလုံးဝ အကျိုးမရှိဘူး ၊ ဆက်မဖတ်နှင့်နော် ။
လောကမှာ ဘယ်အရာကိုမှ ပိုင်ဆိုင်ခွင့်မရှိတဲ့ကောင် တစ်ယောက်အကြောင်းခင်ဗျားတို့ကြားဖူးလား ၊ သိသလား ၊ လောကဓံရဲ့ အချိုးအကွေ့တွေကို ခပ်မိုက်မိုက်ကြုံခဲ့တာ အကြိမ်ကြိမ် ၊ ခုထိအရေမထူသေးဘူး ၊ ခင်ဗျားသိလား လူတစ်ယောက်ရဲ့ သုညတန်ဖိုးရှိတဲ့ ဘဝခါးတွေအကြောင်း ၊ ဟောဒီမိုးဇက်ပဲ ။ မယုံရင် မိုးဇက်ရင်ဘက်ထဲကို လက်တစ်ဆုံးနိုက်ကြည့်လိုက် ၊ ဗလာ ၊ သုည ။ သုညတောင် အညတရ သုည ၊
ကျွန်တော်ပြောတယ် ဆက်မဖတ်နှင့်တော့ ဘာမှမဟုတ်ဘူး ၊ ဖတ်နေလဲ အကျိုးတစ်စုံတစ်ရာရှိလာမှာ မဟုတ်ဘူး ၊ ဘာကြောင့်လဲဆိုတော့ နှလုံးသား မရှိတော့တဲ့ ဟောဒီမိုးဇက်ရေးထားတာ နှလုံးသားနှင့်ဖတ်တဲ့ ခင်ဗျားတို့အတွက် မျက်စိညောင်းတာပဲ အဖတ်တင်မယ် ။ ဟုတ်တယ် ဘာဆိုဘာမှ သုံးစားမရတဲ့ဟောဒီကောင်ကို ချစ်သူမပြောနှင့် ဘယ်ကောင်မလေးကကော တစ်ဘဝစာမျှော်တွေးရဲမှာလဲ ။ ကိုယ့်ကိုကိုယ်လဲ အထင်ကြီးစရာမရှိလို့ ဘယ်သူမှလဲ ကိုယ့်ကိုအထင်မကြီးဘူး ၊ ကိုယ်တိုင်ကလဲ ကိုယ့်ကိုကိုယ် ဘယ်တုန်းကမှ အထင်မကြီးဘူး ။ မွေးကတည်းက သိမ်သိမ်ငယ်ငယ်လေး  ၊ ကြီးလာတော့လဲ မျက်စိသူငယ်နားသူငယ်လေး ၊ လောကကြီးကို ဂြိုလ်သားတစ်ယောက်လိုဆက်ဆံနေတာ ၊ ဘယ်လိုမှ လူ့လောကအကြောင်းကိုနားမလည်ဘူး ၊ လူ့လောကကြီးကလဲ ဘယ်တုန်းကမှ ကိုယ့်အပေါ်နားလည်ပေးမှုမရှိဘူး ။ ဒါပဲ မိုးဇက်ဆိုတာ ။
ကဗျာမဟုတ်ဘူးနော် ၊ အသေအချာ ကျမ်းကျိမ်ပီးပြောမယ် ဆက်မဖတ်နှင့်တော့ ဒီနေရာကပဲ ရပ်လိုက်တော့ ဒါဟာ ကဗျာမဟုတ်ဘူး ၊ အမြဲလိုလို နောက်ကျနေတတ်တဲ့ကောင် ၊ ခုကိုယ့်အသက်က ကျင်းနခမ်းကို ခြေတစ်ဘက်လှမ်းနေပီ ခုချိန်ထိ အတွေးအခေါ်တွေလူလားမမြောက်သေးဘူး ၊ ဟောဒီကောင် မိုးဇက် အရေပြားတွေက ဇယာပိုင်းကို သွင်ကျူးနေပေမယ့် ဘဝရဲ့နေရေးထိုင်ရေးတွေကို ခုမှဇယားခင်းနေတုန်း ၊ ခင်းမလို့ပြင်နေတုန်း ၊ ဘာဆိုဘာမှ သုံးမရတဲ့ကောင်အကြောင်းဆိုတော့ သုံးမရတဲ့စာကြောင်းတွေပဲ ၊
မောတယ် ၊ ခင်ဗျားတို့ကို ပြောရတာမောတယ် ဆက်မဖတ်နှင့်တော့ ခင်ဗျားတို့ အာရုံနောက်တာပဲ အဖတ်တင်မယ် ဘာမှထူးလာမှာမဟုတ်ဘူး  ၊ လုံးဝ ဆက်မဖတ်ပါနှင့် ၊ ဒါဟာ ကဗျာမဟုတ်ဘူး ။ ဒီဇင်ဘာရောက်တိုင်း သွေးဆုတ်သွားတဲ့နေ့ရက်တွေ ခုချိန်ထိရှိတယ် ၊ ဒီဇင်ဘာနှင့်အတူ ……… လွတ်ချခံလိုက်ရတဲ့ ဗလာကောင်တစ်ယောက်အကြောင်း ၊ ဒီလိုလေးပါပဲ ဘဝကို မဖြူစင်နိုင်တော့တဲ့ မျက်လုံးတွေနှင့် မမြင်ဝိုးတဝါး လျှောက်နေတဲ့ကောင် ၊ ဗလာပဲ……………..ဗလာမှ ဘာအဆက်အပျောက်မှ မရှိတဲ့ဗလာ …………….
ကဲခုလိုပဲ ဘလော့လေးမှာ မတောက်တစ်ခေါက်ခံစားချက်လေး ချရေးပီး ၊ ကဗျာလို့နာမည် တတ်တဲ့ကောင် ၊ ဟိုအိမ်လျှောက်လည် ဒီအိမ်လျှောက်လည် ၊ လက်ကမျင်း ၊ တွေ့ကရာ လိုက်နောက်နေတဲ့ကောင် ၊ ဘာမှသုံးမရတဲ့ကောင် ၊ ခင်ဗျားတို့ အပြင်မှာမတွေ့ဘူးတဲ့ မိုးဇက် ၊ ခပ်တည်တည်နှင့် ကဗျာဆရာလို့ ခေါင်းစဉ်တပ်ထားတဲ့ ကောင် ၊ ကဲ ခုတော့………. ဝိဥာဉ်တွေ ဆုတ်ချည်ခွာချည်နှင့်သေတော့မယ် ၊ ခေါ်သံတွေသဲ့သဲ့ကြားနေရပီ ၊ ဝေဒနာတစ်ခုကို ခပ်မျင်းမျင်းလေးမြည်းစားရင်း သေမင်းအလာကို ဆောင့်နေပီ ၊
ငါ့အသုဘကို ဘယ်သူမှလိုက်ပို့နိုင်မှာမဟုတ်ဘူး ၊ ငါဟာ သုညဆိုတဲ့ဗလာကောင်မိုလို့ပဲ ၊ ဟုတ်တယ် ဒါပဲ ၊ မိုးဇက် သေတော့မယ် ဒီဇင်ဘာရဲ့ နောက်ဆုံးရက်မှာ “ ဟုတ် ” ကနဲ သေဆုံးတော့မယ် ၊ ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့မှာ မိုးဇက် သေပီ ၊
ခင်ဗျားကို ပြောတယ် ဒါဟာ ကဗျာမဟုတ်ပါဘူးလို့ ၊ ခုတော့ အဆုံးထိလဲ ခင်ဗျား ဖတ်လိုက်ရတယ် ၊ ဘာမှမဟုတ်တဲ့ကောင်အကြောင်း ဘာမှအကျိုးမရှိပဲ ၊ ဘာအတွက်မှ အချိန်ကုန်ခံပီး ဆက်မဖတ်နှင့်တော့ ဒါဟာ
က
        ဗျာ 

မဟုတ်ဘူး............................

                      ဒီဇင်ဘာနှင့်အတူ
ကြွေလွင့်သွားမယ့် 

မိုးဇက်ရဲ့ 

သေတမ်းစာ


မိုးဇက်



အဝါရောင်လမ်းနံပါတ် / ၁၂

အစ
 

မျှော်လင့်ခြင်းအနံ့အသက်တွေ
စွန်းထင်းနေတဲ့ ဒီလမ်းလေးမှာ
ချိန်းဆိုထားတဲ့ /၁၂/နာရီ
သူမအလာကို သူစောင့်မျှော်ခဲ့တယ်။

ဟုတ်တယ် သူ့အပေါ်ယုံကြည်ကိုးစား
ကြင်နာလွန်းလှတဲ့ သူမ လာကို လာမှာပါ ။

ဘယ်အချိန်ဆုံမယ်မှန်းမသိတဲ့ ဆုံမှတ်ကို
ယုံကြည်ချက်ဆိုတဲ့ ကျောထောက်နောက်ခံနဲ့
အတ္တဆန်စွာ သူကလည်းစောင့်မျှော်ခဲ့တယ်။

အလယ်
 

ဒီလိုနှင့်ပဲ ဒီလမ်းလေးမှာ
အရင်သုံးနှစ်လောက်ကပုံရိပ်တွေကို တူးဖော်နေတယ်။
သူရဲ့အတွေးထဲမှာ သူမရဲ့ပုံရိပ်တွေ
အပီအပြင်ကြီးကို ဖြတ်လျှောက်နေတာများ
ဖုန်းတထောင်းထောင်းထလို့ ။

အမှန်ဆို အရင်ကနွေးထွေးမှုကို တမ်းတတာမဟုတ်ဘူး
သံသရာခရီးတလျှောက် အမြှီးအမောက်တည့်စွာ
အမြဲတမ်း မခွဲတမ်းသွားချင်တာ ။
ဒီလိုနှင့်ပဲ
အချိန်ရဲ့လက်တံတွေ စီးမျောသွားတာများ ခြေသံလုံလှပါဘိ.........
သူတို့နှစ်ယောက်ကို စီးခံကာထား ကမ္ဘာခြားစေတဲ့
အတ္တလွှာ ပါးပါးအားခုတ်ထွင်ဖယ်ရှား
သူ့ရင်ခွင်ကြားသို့သူမလာမှာပါ ။

ဒီလိုပါပဲ သူကတော့မျှော်လင့်ချက်ကို
ယုံကြည်မှုခပ်များများနှင့် ရောသောက်နေရတယ် ။
ယုံကြည်ချက်နှင့် ရှင်သန်နေရတဲ့
အဲဒီကောင်လေးရဲ့ စိတ်အစဉ်ဟာ
ကြာလာတော့လည်း ယုံကြည်မှုကို ခိုင်မာလာအောင်
ယုံကြည်စွာတည်ဆောက်ရတာ ပင်ပန်းလွန်းရချည့် ။
 
အဆုံး
 

ဒါပေမဲ့လည်း.............အင်း
ဒီလိုနှင့်ပဲ............................
သူရဲ့ဘူတာလေးကို သူမမောင်းနှင်လာတဲ့
ရထားအမှတ် /၁၅၀၀/
မဆိုက်ရောက်ခဲ့ဘူး ။

မိုးဇက်
အရင်ဆိုက်ကတဲက ကဗျာပါ ခုမှတ်တမ်းတစ်ခုအနေနှင့်ပြန်တင်လိုက်တယ် ။ အစ်မ အိမ်ဂျယ်တို့ ၊ အစ်မ ဂျက်စမင်းတို့ ဖတ်ပီးသားပါ ။

ကာရံများသေဆုံးသွားသော ( ခေါင်းစဉ်မဲ့ ) ကဗျာ


အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ .
ခက်နက်နက်တူးထားတဲ့ အတွေးတစ်ခုကို
အငမ်းမရ ငုံ့ကြည့်လိုက်တော့
ဝူးးးးးးးးးးးးးးးးးး
ဘုရားသခင် ကယ်တော်မူပါ
ဘာမှလဲမမြင်ရပါလားးးး                  
အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၁
ထုထည်ကြီးမားတဲ့ အလွမ်းတွေက
စကားတွေကို စွံ့အသွားစေတယ် ။            
အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ . ၂
မနိုးသောအိပ်ခြင်းနှင့် ထာဝရအိပ်စက်ပါရစေ
ထာဝရဘုရားသခင် ။             
ငြိမ်းချမ်းရာ လမ်းစတစ်ခုတော့
အကျွန်ုပ်အား တိုးတိုးလေးပြောပြခဲ့ပါ ။            


အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၂
ချစ်သူ ငါယုံပါရစေ ၊
နင့်ချစ်ခြင်းတစ်ခုလောက် ကျကျနန
ငါ့ဆီသွန်ချလိုက်ပါ ။
ချစ်သူ ငါယုံပါရစေ ၊
ချစ်နေပါတယ်ဆိုတဲ့ အသိအမှတ်တစ်ခုလောက်
ငါ့ရင်ခွင်ကို ဖြန့်ခင်းလိုက်ပါ ။
ချစ်သူ ငါယုံပါရစေ ၊
အရိုးသားဆုံး ရင်ဘက်တစ်ခုကိုဖောက်ချလိုက်မယ်
နင် ငါ့ကိုချစ်နေပါလားဆိုတဲ့
ယုံကြည်မှုတစ်ခုနှင့် ငါ့ဘဝကို
ရွက်လွင့်ချင်လို့ပါ ။             
အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ . ၃
ကံကြမ္မာက ကိုယ့်ဘက်ကို ဓါးသွားလှည့်ပီး ကမ်းပေးရင်
ကိုယ်က ဓါးနှောင့်ဖက်ကိုလှည့်ယူရပေမယ့်
ခင်ဗျားကိုပေးတဲ့ဓါးက ရမ်းနေတဲ့ဓါးရှည်ဆို
................................
ခတ်ပီ ။            
အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၃
အိပ်မပျော်ခြင်း အိပ်ပျော်ခြင်းဆိုတဲ့ကိစ္စက
စိတ်ရဲ့စေရာဆိုပေမင့်
ခုများတော့ နှလုံးသားရဲ့စေရာအတိုင်း
အိမ်လို့မရစွာ ငါ့အာရုံတွေ မင်းဆီမှာပဲရစ်ဝဲလို့
ပုံမှန်မဟုတ်ပဲ မှောက်မှားနေတယ် ။                
အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ . ၎
မောလျှတဲ့ ဘဝမှာ
မင်းအနမ်းတစ်ပွင့်လောက်ငါ့ဆီခြွေခဲ့ပါ
အိမ်မက်တွေ လန်းစွင့်ချင်လို့……………
အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၎
ပင့်သက်တစ်ခုကို လှိုက်ခနဲ ဆွဲချကြည့်တယ်
ခါးတယ် ။               
ကြိုတင်ကြံစီမှုမရှိပဲ အနာဂတ်ကိုလှပ်ကြည့်လိုက်တယ်
မှောင်တယ် ။               
ဘုရားသခင်ထံ ခွင့်မတောင်းပဲ
ယုံကြည်မှုကို တည်ဆောက်ကြည့်တယ်
ဗလာ ။             
ချစ်သူထံ ခွင့်မတောင်းပဲ ရင်ဘက်တွေကို
ဆေးချယ်ကြည့်တော့
အို ...........
မှိုင်းညို့လို့ အထီးကျန်ဆန်လိုက်ပုံများ
ကောင်းကင်ပြင်မှာ အပြာရောင်ကိုမရှိဘူး ။             
အခန်း ၊ ၂ ၊ နာကျင်မှု အပိုဒ်ခွဲ . ၁
အညတရ
အညတရတောင်မှ
ဥုံးနှောက်ထဲမှာဘာမှမရှိတဲ့ အညတရ
အိပ်ကပ်ထဲမှာဘာမှမသိမ်းဆည်းနိုင်တဲ့ အညတရ
အနာဂတ်တွေ ဟင်းလင်းပွင့်နေတဲ့ အညတရ
အညတရရဲ့နောက်ကိုဘယ်သူမှ ခိုလိုက်လာလို့မရသလို
ဘယ်လိုမှလဲ အသုံးပြုဖို့မစဉ်းစားကြနှင့်
ချစ်သူမင်းလဲ ငါ့ရင်ထဲက ဆုတ်ခွာတော့ ။              
အခန်း ၊ ၂ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၁
အလွမ်းတွေကို ကိုယ့်ဘာသာ
သောက်မြိုနေရတာ နင်တယ် ။
အချစ်တွေကို ကိုယ့်ဘာသာ
မျိုးပွားနေရတာ လက်ပန်းကျတယ် ။
မောတယ် နင့်ကိုချစ်နေရတာ မောတယ် ။
ပင်ပန်းတယ် မင်းမသိအောင် တယုတရတွေ
မြတ်နိုးရတာ ငါ............
အခန်း ၊ ၂ ၊ နာကျင်မှု အပိုဒ်ခွဲ . ၂
မျောလွင့်ခွင့်ပေးပါ ဘုရားသခင်
ယုံကြည်ချက်ကို ရွတ်လွင့်လို့
ဘဝတစ်ခုကို ဆွဲဆန့်ခွင့်ပေးပါ ဘုရားသခင် ။              
ချစ်ခြင်းတရားတစ်ခုကို အပ်ကျမက်ကျ
သောက်သုံးခွင့်ပေးပါ ဘုရားသခင် ။                
မျောလွင့်ခွင့်ပေးပါ ဘုရားသခင်
တုန်လုပ်မှုတွေ ချုပ်ငြိမ်းအောင်
.................
မျောလွင့်ခွင့်ပေးပါ ဘုရားသခင် ။
အခန်း ၊ ၂ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၂
ဘဝတစ်ခုလုံးမှာ ငါမင်းကိုပဲ ချစ်ခဲ့တယ် ။
ဘယ်သူမှ မချစ်နိုင်တဲ့ချစ်ခြင်းများနှင်
တလွလွ ဖြူဖြူစင်စင်ချစ်ခဲ့တယ် ။
ဒါပေမယ့် မင်းစိတ်ထဲမှာတောင် ငါ့နာမယ်မရေးထိုးထားတော့
ငါနှလုံးခုံသံတွေ ခေါက်သိမ်းလိုက်မယ် ချစ်သူ ။                
အခန်း ၊ ၂ ၊ နာကျင်မှု အပိုဒ်ခွဲ . ၃
အချစ်တစ်ခုကို ပြစ်ပြစ်ခါခါ ကြေးတင်ပီး
ဘဝတစ်ခုနှင့် မိုက်မိုက်မဲမဲ လောင်းကြေးထပ်လိုက်တယ်
ရလဒ်တစ်ခုကို ခပ်ရဲရဲ ဖောက်ဖတ်ကြည့်လိုက်တော့
.....................................
ဗလာ
အခန်း ၊ ၂ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၃
ထိလွယ်ရှလွယ် ငါ့နှလုံးသားကို
မပုတ်ခတ်ပါနှင့် ။             
ကျလုကျခင် ငါ့ဘဝကို
ပုတ်မချပါနှင့် ။             
မင်းရဲ့အပြစ်အနာဆာမှန်သမျှ
ငါမျက်ကွယ်ပြုထားတယ်
ကျေးဇူးပြုပီး .................
ငါ့အနာဂတ်ကို မီးလောင်တိုက်မသွင်းလိုက်ပါနှင့် ။            

အခန်း ............ ၊ ............. ( ဇာတ်သိမ်း )
ကြယ်အကြွေကိုဆောင့်နေရတာ ငါမောတယ် ၊
ကိုယ့်ဘာသာပဲ လောင်ကျွမ်းပြာကျလိုက်တော့မယ် ၊
ဒါပေမယ့် ငါ့ဝိဥာဉ်တော့ သန့်ရှင်းသွားပါရစေ ။             
 
မိုးဇက်
 

နက်ဆိုး(Demon) နှင့် ဆေးကျောင်းသား


                       တစ်နေ့က နက်ဆိုး(Demon) ဘော်ဒါဆီအလည်သွားတယ် ။ ၈၇ လမ်း မှာနေတဲ့ ဒေါက်တာထူးမြင့်ဆီကိုပါ ။ ဒီကောင်ကြီးကလဲမိန်းမရပီးမှ ကိုယ်တွေဆီကိုမလာတာ အတော်ကြာတော့ သတိတရသွားတာပါ ။ ဘာရယ်မဟုတ်ပါဘူး သူကျောင်းတတ်တုန်းကတော့အမြဲလိုလို တွဲဖြစ်တဲ့ဘော်ဒါတွေပေါ့ ။ နက်ဆိုးက ဒီလိုပဲလမ်းကြုံတဲ့လူကို ပေါင်းတာဆိုတော့အဟီး ။
အိမ်ရှေ့ရောက်တော့သူ့မိန်းမကို အခန့်သားတွေ့တယ် ။
“ဟဲ့ နင့်ယောက်ျားငါ့သယ်ချင်း ဒေါက်ချာ ငထူး ရှိလား ”
“အပြင်သွားတယ်၊ ခဏနေပြန်ရောက်မယ် ၊ လာအထဲဝင်လေ ”
                     နက်ဆိုးလဲလာနေကျဆိုတော့ သူ့မိန်းမနှင့်လဲ ခင်နေတော့ ကိုယ့်ကို ဧည့်ခန်းထဲဝင်ခဲ့ဖို့ခေါ်တယ် ။ဧည့်ခန်းထဲမှာ လူငယ်တစ်ယောက်နှင့် သူ့မိန်းမက စကားပြောနေတယ်ဗျ ။ ကောင်လေးက လူရည်သန့်လေးပါ။ နက်ဆိုးကလဲ ကောင်လေးဘေးမှာဝင်ထိုင်လိုက်တယ် ။
“နင်ဘယ်ကလှည့်လာတာလဲ”
“ဒီကိုပါပဲဟာနင့်ငထူးမတွေ့တာကြာလို့ လာတာပါ ”
“အေး ၊ ခဏနော်ငါဟင်းချက်ရင်းတန်းလန်းမို့ ၊ ထမင်းစားပီးမှ ပြန်ပါ့လား ”
“ဟင်းကောင်းရင်စားသွားမယ်”
                     အဟဲ ရုပ်တည်ပဲ၊ အခွက်ကလဲပြောင်တယ် ၊ တစ်ကယ်လဲကောင်းရင်စားသွားမှာ ။
“အေး ၊ ဒါနှင့်သူ့နာမည်က ကျော်ထူးတဲ့ ၊ သူလဲ နင့်သယ်ချင်းကိုဆောင့်နေတာ ၊ နင်တို့စကားပြောနှင့် ငါထမင်းသွားချက်လိုက်အုံးမယ်”
                      သကောင့်သားမိန်းမကပြောပီး ဆောင့်ငင့်ဆောင့်ငင့်နှင့်မီးဖိုချောင်ဖက်ဝင်သွားတယ် ။ နက်ဆိုးလဲ ရှေ့စားပွဲပေါ်ကဆေးကျောင်းထုတ် ကျမ်းမာရေးစာဆောင်ကို ယူဖတ်နေလိုက်တယ် ။ အတော်ကြာတော့ ကောင်လေးက စကားပြောဖော်စရှာတယ်။
“ဆရာက ဆရာထူးတို့နှင့် Batch (Batch = ကျောင်းတတ်တဲ့နှစ် တူတာကိုပြောတာပါ) အတူတူလား ”
“ အာ………………ဘယ်ကလာ၊ ကိုက ဆရာဝင်မဟုတ်ပါဘူး ”
“အော် ”
                       ကောင်လေးကနက်ဆိုးစာဆောင်ကို ရုပ်တည်ကြီးနှင့် သိသလို တတ်သလို ဖတ်နေတာကို အထင်ကြီးပီးမေးနေတာ ။ ပီးတော့ “အော် ” ဆိုပီး နက်ဆိုးကိုစိတ်ဝင်တစားကြည့်နေတာ အသေအချာကြီးကို ။ နက်ဆိုးလဲ စာအုပ်ကိုစားပွဲပေါ်ပြန်တင်ပီး
“ဆေးပညာဟာအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ကွ ”
                       နက်ဆိုးကအဲလိုပဲကိုယ့်ကိုအထင်တကြီးရှိလာပီဆို လွတ်တော့တာ (လေ) ။ ကောင်လေး မျက်လုံး တောက်တောက်လေးနှင့်နားထောင်နေတယ်။
“ဟုတ်ကဲ့”
“ ဒါနှင့်ငါပြောရအုံးမယ်ကွ၊ မင်း ယုံ တွေအကြောင်းကိုသိလား ”
“အင် ဘာပြောတာလဲ”
                      ကောင်လေးကနက်ဆိုး အရင်းမရှိ အဖျားမရှိ ပြောလိုက်တဲ့စကားကို နားမလည်ဘူး နဝေတိန်တောင်နှင့်ပြန်မေးတယ်။
“အော် ………ယုံ ဆိုတဲ့သတ္တဝါကို ဆေးပညာဆိုင်ရာ လေ့လာတွေ့ရှိမှုအကြောင်းပါ ”
“ဟုတ် ၊ ပြောအစ်ကိုဘာတဲ့လဲ ”
“ သူတို့ရဲ့Digestive tract (အစာအိမ်လမ်းကြောင်း) က လူနှင့်အတော်ဆင်တူတယ်ကွ”
“ ဟင် ၊ ဟုတ်လား ၊ ဘယ်လိုတူတာလဲဗျ ”
ကောင်လေးမသိနားမလည်သော အကြောင်းအရာကြောင့် စိတ်ဝင်စားစွာ စကားထောက်ပေးတယ် ။
“ အင်း………..သူတို့ရဲ့ Esophagus လို့ခေါ်တဲ့အစာရေမြို ၊ Stomach လို့ခေါ်တဲ့အစာအိမ် ၊ Intestine ဆိုတဲ့ အူအပိုင်းတွေ ၊ Rectum & Anus လို့ခေါ်တဲ့ စွန့်ထုတ်အင်္ဂါအပိုင်းတွေက အတော်ဆင်တယ်ကွ။ ပီးတော့အဲ့ဒါတွေရဲ့လုပ်ဆောင်မှုအပိုင်းတွေလဲ အတော်ဆင်တူတယ် ”
“ ဟုတ်ကဲ့”
“ ဒါပေမယ့်ယုံ တွေမှာတစ်ခုထူးခြားတာက ”
                       နက်ဆိုး ဆက်မပြောသေးပဲကောင်လေးကို စိုက်ကြည့်လိုက်တယ် ။ ကောင်လေး စိတ်အားထက်သန်စွာ နားထောင်နေတာတွေ့တော့ ကျေနပ်စွာပြုံးလိုက်ပီး၊
“…………..အရွတ်စိမ်းတွေ၊ မြတ်တွေပဲစားကြတော့ ၊ Digestion ကိုတစ်ခါထဲအပီးမလုပ်ဆောင်နိုင်ဘူး Stomach ကအစ ၊Rectum ပိုင်းအဆုံး ။ သူတို့စားတဲ့ဟာတွေကို သူ့ရဲ့ Appendix လို့ခေါ်တဲ့ အူအတတ်လေးကလူတွေထက်ရှည်တယ် ၊ လူတွေမှာက ရှိတယ်ဆိုရုံပဲ ၊ အဲ …. အဲ့အထဲမှာသိမ်းထားတယ် ။ နောက်မှမစင်အဖြစ်စွန့်ထုတ်ပီး ပြန်စားတယ် ”
“ဘယ်လို ….ဘယ်လိုအစ်ကို ၊ ကျွန်တော်နားမလည်ဘူး ”
“ အော် ……ဒီလိုကွ ၊ သူတို့က ပထမ ဥပမာ မြတ်တွေကိုစားလိုက်တယ်ကွာ ၊ အစာအိမ်ထဲရောက်တယ် ၊ ချေဖြတ်တယ်၊ နောက် အစာအိမ်အောက်ခြေမှာရှိတဲ့ အူအတတ်လေးထဲကိုထည့်သိမ်းထားတယ်ကွ ၊ ပီးတော့ ညအချိန်ရောက်ရင်မစင်အဖြစ်ပြန်စွန့်တယ်ကွာ ၊ ပီးတော့ အဲ့မစင်ကိုပဲ ပြန်စားပီး ၊ ကျန်ရှိနေသေးတဲ့ အဲ့အထဲကအဟာရတွေကို Digestive system တွေက စုပ်ယူတယ် ၊ သူတို့ရဲ့ အစာခြေဖျက်မှုစစ်စတန်က အားနည်းလို့ဒီလိုဖြစ်သွားတာကွ ”
“ ဟင် ၊ ဟုတ်လားဗျ၊ အင်း……. အင်း…………. ဆေးပညာရဲ့ ရှာဖွေတွေ့ရှိမှုတွေက စိတ်ဝင်စားစရာပဲဗျ ”
“အေးကွ ပီးတော့……..”
                        စကားတောင် ဆုံးအောင် မပြောလိုက်ရသေးဘူးသကောင့်သားမိန်းမက ဧည့်ခန်းထဲ ရောက်လာတယ် ။
“ အေးဟယ်၊ ထူးမြင့်ကလဲ ခုထိပေါ်မလာသေးဘူး ၊ သွားလိုက်ရင် ဆူဋလိပ် ရေထဲလွတ်လိုက်သလိုပဲ တော်တော်နှင့်ပေါ်မလာဘူး”
                        ဆိုပီး သူ့ယောက်ျားကိုဂုဏ်တွေဒပ်တွေတပ်ပီးမေတ္တာပို့နေတာ ၊ ပီးမှ
“ ကျော်ထူးလဲသူ့ကိုဆောင့်နေတာ ၊ သူက တတိယနှစ်စာမေးပွဲအတွက် ထူးမြင့်ဆီမှာ စာလာမေးတာ ၊ ဆောင့်နေတာကြာပီ ”
                        နက်ဆိုး မျက်လုံးအတောင့်လိုက် ပြူးသွားတယ်၊ သကောင့်သား မိန်းမ ပြောတဲ့စကားကြောင့် ၊ ဒါနှင့် ထိတ်လန့်တကြား ထမေးလိုက်တယ် ။
“ ဟင်…… သူကဆေးကျောင်းသားလား ”
“ဟုတ်တယ်လေ၊ ခုတတိယနှစ်ကို Supply ( ကျသောကြောင့် ကျတဲ့ဘာသာကိုပြန်ဖြေခြင်းကိုခေါ်သည် ။) ထိလို့လေအဲ့ဒါ ထူးမြင့် ဆီမှာ စာလာမေးတာလေ ၊ နင်ကလဲ အလန့်တကြား ဘာဖြစ်လို့လဲ ”
                နွားရှေ့ထွန်ကျူးလို့ကျတဲ့ချွေးသီးချွေးပေါက်များလို ၊ မျက်ဖြူစိုက်သွားသော နောင်တတွေနှင့်
“ ဟိုလေ ………..အဟီး ………… ဘာမှမဟုတ်ပါဘူး ”
“ ဟိုလေ…………ဝင်စရာလေးရှိလို့ ဒိုးလိုက်အုံးမယ် ”
“ဟင် ၊ နင်ထူးမြင့်ကို မဆောင့်တော့ဘူးလား ”
“ ဟို………အဟီး………… မဆောင့်တော့ဘူး ၊ ဒီကောင်လာရင်သာ ငါလာသွားတယ်လို့ပြောလိုက် ၊ ညကျတော့လဲငါသူ့ဆီကိုဖုန်းဆက်လိုက်ပါ့မယ် ။ အခုတော့ လစ်ပီ ……….. အဟီး ”
                     သကောင့်သားမိန်းမချက်တဲ့ထမင်းလဲမစားဖြစ်တော့ဘူး ၊ ဆက်ထိုင်ရမှာလဲ အတော်စတွန့်သွားတယ် ၊ နောက်ကျောလဲကိုယ့်ဘာသာမလုံ၊ စပ်ဖြဲဖြဲ ရှက်ကန်းကန်းနှင့် ဆိုင်ကယ်ဦးထုတ်ကောက်ဆောင်းပီး တစ်ချိုးထဲထလစ်လာတာမှုံနေတာပဲ ။


နက်ဆိုး( Demon )

ရင်ဘက်နှစ်ခုရဲ့ အလွမ်းသံစဉ်

(မိုးဇက်)
ချစ်ခြင်းတရားတစ်ခုကို အတိမ်အနက်တွေးကြည့်တိုင်း
ငါ့အလွမ်းတွေကြို့ထိုးနေတယ်
ဒီလမ်းလေး ၊ ဒီထိုင်ခုံလေး ၊ ဒီလေညှင်းလေးတွေကို
ဒို့နှစ်ယောက် လုရူခဲ့တာ မှတ်မိသေးလား ချစ်သူ ။             ။
(လွမ်းပိုင်ရှင်)
ဒို့နှစ်ယောက်လျှောက်ခဲ့တဲ့လမ်းတိုင်းမှာ
နှစ်ဦးသားသစ္စာတွေကို မင်းချနင်းခဲ့တာနော်
လေအလွင့်မှာ ကြွေခဲ့ရတဲ့ ငါ့နှလုံးသွေးရွက်နုတွေ
ရှင်သန်ခွင့်မရတော့တဲ့ ခံစားမှုရပ်ဝန်းက
မျှော်လင့်ခြင်းရောင်ခြည်တွေဟာ
အမှတ်တမဲ့ မေးမှိန်ခဲ့ရတယ် ။            ။
(မိုးဇက်)
ဟုတ်တယ်ချစ်သူ
ကိုယ်ကချစ်တတ်တာပဲရှိတယ် မချစ်တတ်ခဲ့ဘူး
မင်းနှင့်ပတ်သက်တိုင်း ငါ့မှာ မျှော်လင့်ချက်တွေ
တခန်းတနားသီကုံးခဲ့တာ ၊
အနာဂါတ်တွေ လင်းပွင့်ဖို့ ထုဆစ်ခဲ့တာ
ဇာတ်လမ်းကို ဒီလိုအဆုံးသက်ရတာ
အနားသက်တွေမလှပဘူး
မင်းလက်ကိုဆုပ်ကိုင်ပီး
ကြယ်အကြွေကိုဆောင့်ဆုတောင်းရတာလဲ
..................................
(လွမ်းပိုင်ရှင်)
ချစ်သူမင်းက ကြယ်ကြွေချိန်မှာ
ဆုတောင်းခဲ့တာ ကြယ်အကြွေကို
ငါ နဲ့အတူထိုင်ကြည့်ချင်လိုက်တာတဲ့
ငါကတော့ မင်းကြည့်ဖို့အတွက် ကြွေရတဲ့ကြယ်
ငါသာဖြစ်ချင်ပါတယ် မင်းအတွက် ထာဝရ ပေးဆပ်နေမဲ့သူပါ ။                ။
(မိုးဇက်)
ထာဝရဆိုတဲ့စကား ငါ့ဘဝနှင့်ရင်းပီး
ရေးထိုးခဲ့ပေမယ့် ချစ်သူရယ်
မင်းပြောထွက်ခဲ့တဲ့စကားတစ်ခွန်း
နာကျင်မှုတွေနှင့် ငါ့မှာသေရာပါလို့ ၊
ကြည့်စမ်း .............
ခံနိုင်အားတွေကို ငါဘယ်လို
ထူထောင်ရမလဲ ။              ။
(လွမ်းပိုင်ရှင်) 
ငါ့မေးခွန်းတိုင်းမှာ မင်းနှုတ်ဆိတ်နေခဲ့ပေမယ့်
ငါ့  နှလုံးသားက မင်းရက်စက်မှုအသံတွေကိုကြားနေရတယ် 
ငါ့ရဲ့အသက်ရှုမှုတွေ အဓိပ္ပာယ်ရှိသွားစေဖို့ 
မင်းရဲ့ ခွင်းတုန့်စကားသံလေးကို 
ခုချိန်ထိ ငါဆောင့်နေတယ်လေ ။             ။
(မိုးဇက်) 
ငါ့ကိုယ်ငါ အိမ်မက်တစ်ခုပဲလို့
ဇွတ်ကြိုးစားလဲ 
ဒါဟာ ဘယ်လိုမှဖျောက်ဖြတ်မရနိုင်စွာ
မင်းစွင့်ပြစ်မှုကြောင့် နာကျင်မိနစ်တွေနှင့် 
လက်တွေ့ဘဝမှာ အသက်ဆက်နေရတယ် ။               ။ 


ကိုလွမ်းပိုင်ရှင် နှင့်  ကျွန်တော်မိုးဇက်တို့ အလွမ်းတွေခတ်ကြည့်တဲ့ ကဗျာတပုဒ်ပါ ၊ 





သေချာမှုတစ်ခုကို ဆွဲထုတ်ကြည့်လိုက်ခြင်း

နင့်ကိုငါချစ်တယ်
လိုအပ်ချက်တွေ တသီကြီးနှင့်
မဝင့်ရဲခဲ့ပေမယ့် ခုငါပြောမယ်
နင့်ကိုငါချစ်တယ် ။                ။
နင့်အတွက်ဟာသတစ်ခုဖြစ်သွားရင်
ခံနိုင်ရည်အားမရှိပေမယ့်
ဘဝတစ်ခုလုံးနှင့်လောင်းကြေးထပ်ပီးငါပြောမယ်
(နင်ပျက်ရယ်ပြုမနေပါနှင့် )
နင့်ကို ငါချစ်တယ် ။                  ။
သိုသိပ်လျှို့ဝှတ်မှုတစ်ခုက
ထိမ်းသိမ်းမဲ့ ပေါက်ထွက်ခဲ့ပီ
( ငါတောင်းပန်ပါတယ် )
နင့်ကို ငါချစ်တယ် ။                     ။
နင့်ကို ငါ အရမ်းချစ်နေပါလားလို့
သိတဲ့အချိန်ကြည်နူးမိသလောက်
ပြောမထွက်ဝင့်တော့လဲ
ငါအားငယ်နေမိတာ ဆန်းသလား ?
ချစ်နေရတာနှင့်ပဲကိုယ်ဘာသာကျေနပ်နေပေမယ့်
တစ်ကြိမ်တစ်ခါတော့ နင့်အချစ်ကိုရယူလိုပြန်ရော
ဒါကိုရူးသွပ်မှုလို့ နင်ပြောမှာသိနေပေမယ့်
ငါပျော်ပျော်ကြီး စွပ်ဆွဲခံလိုက်မယ်
နင့်ကို ငါချစ်တယ်။                  ။
အခုရော သေသိတိုင်
ငါ့ဘဝမှာ အမှန်တကယ် တည်မြဲနေမယ့်
အရာတစ်ခု ငါပြောပါရစေ
( နင်သေချာနားစိုက်ထောင်ထား )
.............
နင့်ကို ငါ ချစ် တယ် ။              ။
မိုးဇက်
 

ဒဏ်ရာရသူများစာရင်း

၁။ ရိုးဒီ ( သမားရိုးကျတံဆိပ်ကပ် အရက်ပုလင်းနဲ့ ခေါင်းရိုက်ခွဲခံရ )
၂။ ရိုးဒီ ( စကားလုံးများနှင့် ပစ်ပေါက်ခြင်းကြောင့် နားရွက်နှစ်ဖက် ဒဏ်ရာရရှိ )
၃။ ရိုးဒီ ( ဆောင့်ကန်ခံရတဲ့ နှလုံးသား ပုံမှန်လှုပ်ရှားရန် ခွဲစိတ်ကုသဖို့လိုအပ် )
၎။ ရိုးဒီ ( ကံကြမ္မာရဲ့ လျှောထိုးဖြတ်ထုတ်မှုကြောင့် ၂၀၀၆ ကမ္ဘာ့ဖလားပွဲနှင့် လွဲဖွယ်ရှိ )
၅။ ရိုးဒီ ( ဘယ်ဘက်ရင်အုံ အညိုအမည်းစွဲ၊ လောကဓံနဲ့ပွဲ )
၆။ ရိုးဒီ ( တံတောင်စာမိ၍ မျက်ခုံးကွဲ၊ လောကကြီးနှင့် ခြေစမ်းပွဲ )
၇။ ရိုးဒီ ( အနာဂတ်ကို ခေါင်းခုန်အတိုက်၊ ပြုတ်ကျ၊ ကိုယ်တစ်ပိုင်းသေ )
၈။ ရိုးဒီ ( ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့၊ ကြွက်တက်၊ လဲကျ၊ ကျောနံပါတ် ၂၆ )
၉။ ရိုးဒီ ( လက်ညှိုးငေါက်ငေါက်ထိုး အပြစ်တင်သံတွေကြား ခြေထောက်နှစ်ချောင်းဟာ သွင်သွင်ကျိုး )
၁၀။ ရိုးဒီ ( ဘောလုံးကို ယှဉ်အလုမှာ အထမ်းစင်နဲ့ တွေ့သွားရှာတဲ့ ရိုးသားမှု )
၁၁။ ရိုးဒီ ( ဘုရားသခင်အား ပြန်ပြောမိသဖြင့် အကန့်အသတ်မရှိ ၀ိုင်းကြဉ်ခံခဲ့ရ )

ရိုးဒီ
 
 
ကျွန်တော့ဘော်ဒါ ကိုရိုးရဲ့ကဗျာပါ ။ အရမ်းကြိုက်လို့ သယ်ချင်းတွေလဲဖတ်ရအောင် တင်လိုက်တယ် ။ 

ညာခဲ့တယ်

ညာခဲ့တယ် သူငါ့ကိုညာခဲ့တယ် ။                   ။
အရာအားလုံးကို မျက်စိမိတ်ပီး
ချစ်ခဲ့ပေမယ့် သူငါ့ကိုညာခဲ့တယ် ။ ။
ချစ်တယ်လို့ နှုတ်ဖျားလေးနှင့်
ငါ့နှလုံးသားကိုခတ်ပြီး သူငါ့ကိုညာခဲ့တယ် ။ ။
ဘဝတစ်ခုလုံးမှာ တစ်ခွန်းထဲသောစကားကို
ပြောခဲ့ပေမယ့် သူငါ့ကိုညာခဲ့တယ် ။ ။
လမ်းခွဲချင်တော့လဲ မင်နီတွေအထပ်ထပ်တားလို့
အော်ကြီးဟစ်ကျယ် စွဲချက်တွေနှင့်
သူငါ့ကို ညာ ခဲ့ တယ် ။ ။
ငါ့နှလုံးသားကို တစိမ့်စိမ့်ပြုစားပီးမှ
ဖြစ်ကတတ်စမ်း ဒဏ်ရာတွေနှင့်ထားခဲ့
သူ
         ငါ့
                    ကို
                            ညာ ခဲ့တယ် ။
 
ဒါပေမယ့် လက်ခနဲထတောက်သွားတဲ့ ကြေကွဲမှုမှာတောင် 
မင်းနာမယ်ကို ခပ်တိုးတိုးရေရွတ်နေတုန်း 
( မင်းကတော့ ငါ့ကို ညာ ခဲ့ တယ် ......... ချစ်သူ )
 မိုးဇက်

သူမရေးထိုးတဲ့ ငါကိုယ်တိုင်သိခွင့်မရတဲ့ ငါ့နံပါတ်

ပီးဆုံးတော့မယ့် ဇာတ်လမ်းတစ်ပုဒ်ကို
ငါတစ်ယောက်ထဲ ထိုင်ဆောင့်နေတယ် ၊
ငါ့နံပါတ်ဘယ်လောက်လဲ ?
ခတ်တာက The End စာတမ်းမထိုးခင်
သူမ မီးခလုပ်ဖြုတ်ချလိုက်တယ် ၊
ငါ့နံပါတ်က ဘယ်လောက်လဲ ?
ရင်ဘက်မှာ မင်းနာမယ်ကို
တတ်တူးထိုးပီး အော်ဟစ်နေလဲ
မင်းက မင်းကြိုက်ရာရွေးနိုင်တဲ့
မင်းသမီး
ငါ့နံပါတ်က ဘယ်လောက်လဲ ?
ခုတော့ ငါချစ်ခဲ့သမျှကို
လက်ညိုးထိုးအံချကြည့်လဲ
ငါ့အတွက် နံပါတ်ပြားပါမလာဘူး
ကောင်မလေးရေ ထွက်ခွာမသွားခင်
ငါ့ကိုပြောခဲ့ပါ ..........
ဘာရယ်မဟုတ် ငါ့လယ်ပင်းမှာချိတ်ဆွဲချင်လို့
ငါ့နံပါတ်က ဘယ်လောက်လဲ ?
မိုးဇက်

ရောမအင်ပါရာ ပျက်စီးခန်းကို တို့ဆောင့်ကြည့်နေတယ်

မင်း ကိုယုံစားခဲ့မိလို့
ငါတို့ဘ၀တွေ စုတ်ပြတ် သွားခဲ့ရပြီ
ပစ်ခတ် တာလဲ ခံခဲ့ရတယ် 
ညစ်ပတ်တာလဲခံခဲ့ရတယ်။
မင်း ကိုယုံစားခဲ့မိလို့
ငါတို့ဘ၀ အနာဂတ်တွေ ကွယ်ပျောက်ခဲ့ပြီ
ချုံးချုံးကျနေတဲ့ ပြည်သူတို့ရဲ့ စိတ်ဓါတ်
အကွဲကွဲ အပြဲပြဲခံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဆန္ဒ
ငတ်ပြတ်နေတဲ့ လူထုတွေရဲ့ ဘဝ
ပြည်တွင်းမှာ ရှာမရ
ပြည်ပကိုအားကိုး....အတိုးများနဲ့ထွက်ခွါ
မြက်ဖြာ လေးပဲအဖတ်တင်သတဲ့.....

 မင်း ကိုယုံစားခဲ့မိလို့
လယ်မြေတွေပေါင် အယောင်ဆောင်ပွဲစား
တစ်ပွဲစားအလုပ် အဟုတ်မှတ်ပြီး
ယုံမိတော့ ပုံအောလိုက်ပေမယ့်
အမေတလို့ မရတော့ဘူး 

....ကယ်တင်ရှင်...မဟာမင်းကြီးရုံး
အရောက်သွားတန်းစီ...
အကြောက်တရားတွေလဲ ကင်းမဲ့ပြီ
ဒုက္ခ သည်ဖြစ်ရေး တရက်မနှေးရအောင်
အသည်းအသန် ဂဲမှန်တဲ့စာကလေးလို
တောင်ပံတွေစုတ်ပြတ်...ဘ၀တွေညစ်ပတ်
ဒေါသတွေကအထပ်ထပ်နဲ့....လိမ်ညာမကင်း
အမှားတွေ မရှင်းတဲ့ အဖြေတွေပေး

မဟုတ်ပါဘူးရယ်လို့ မင်း ငြင်းချင်သေးလား
မင်း သတင်း ၊ မင်း အတင်းတွေ
ကမ္ဘာအနှံ့ ပြန့်နေခဲ့တာ
မင်း မကြားလိုက်ဘူးလား
ငါတို့တွေရဲ့ဘဝ 
ဒုက္ခသည် အဆင့်နှင့် ကမ္ဘာမှာ
ဗမာ့ေ*ာက်ခွက် အားလုံးရဲ့တံတွေးခွက်မှာ
%$#@$#
ခုတော့လဲ မင်း က
ကန့်လန့်ကာနောက်ကို 
ရုပ်တည်ကြီးနှင့် ဝင်သွားပေမယ့်
မင်း လုပ်ခဲ့တဲ့ အပြစ်ဒဏ် 
မင်း သာပြန်ခံရတဲ့အလှည့်ကို 
ငါတို့ စောင်းတလက်ပိုက်ပီး 
နီဂိုးဘုရင်နှလုံးမှုလို့ ဆောင့်ကြည့်နေတယ် ။                ။

ဘိုဖြူ

ဝင်သက်ထွက်သက် အသက်ခံရတဲ့ D ချစ်ခြင်း

အစောဆုံးကြွေသွားတဲ့ သစ်ရွတ်ထဲမှာ
ငါ့နာမယ်ပါသွားတယ် ။                      ။
(မဟုတ်ဘူး ငါ့နှလုံးသားပါ ကြားညပ်ကြွေဆင်းခံရတာ ။ )
ဒီဇင်ဘာရဲ့ မနက်တွေနှင့် တစ်မိုးသောက်ချင်ခဲ့တဲ့
ငါ့ရင်ခုန်သံ သံဇဉ်ညှိမပေးခဲ့ဘူး ။                        ။
အနာတရတွေသာ အနာဖေးတတ်လို့
မျှော်လင့်ချက်တွေတောင် ပါးလျှခဲ့ပီ ချစ်သူ ။                           ။
နောက်ဆုံးထွက်သက်မှာ ငါသိလိုက်တာက
မင်းသဂြိုလ်ခဲ့တာ ငါ့ဘဝ ငါ့အနာဂတ်တစ်ခုလုံးပဲ ။                          ။
နောက်ဆုံးတော့လဲ
ငါဟာ ဘယ်သူမှ မသိလိုက်ပဲ
မီးလောင်တိုက်သွင်းခံလိုက်ရတဲ့
 အသည်းကွဲ ကဗျာဆရာ ( ကဗျာရေးတဲ့သူ ) ။                           ။

မိုးဇက်

D = December

တောင်းဆုခြွေပါ ဒီဇင်ဘာ

နှင်းစက်တွေနှင့်နိုး ထ လာတဲ့
ဒီဇင်ဘာ
ဖွေးဖွေးလုပ်  အအေးဓါတ်နှင့်
ငြိမ်းချမ်းလှတဲ့
ဒီဇင်ဘာ
အလင်းသောက်ချိန်မှာ
ကော်ဖီတစ်ခွက်နှင့်
ချစ်သူရဲ့ အနမ်းနွေးနွေးလေးကို
ရင်ခွင်ပိုက်ရင်း နိုးထခွင့်ပြုပါ
ဒီ
                ဇင်
                                 ဘာ ...................။              ။
မိုးဇက်

ချစ်ခြင်းကဗျာ ၊ ၁ ၊


                           အရာရာဟာတိတ်ဆိတ်နေတယ် ၊ တဖေါတ်ဖေါတ်ကျဆင်းနေသော နှင်းသံများသာ ပတ်ဝန်းကျင်ကို ညင်သာပျော့ပျောင်းမှုနှင့် စည်းချက်ညီမှုကို ဖန်တည်းပေးနေတယ် ။
                           ကောင်လေးရဲ့ ရီဝေနေသော မျက်လုံးတစ်စုံက ညည့်ဦးယံ လမင်းကို ငေးကြည့်နေတယ် ။ သူတို့နှစ်ယောက်ကို တစ်စုံတစ်ခုကာခြားထားသလို ၊ စိတ်တို့ဘယ်လိုမှ မနီးစပ်နိုင်သလို ၊ ကြာလာတော့ အရာရာကို ပွင့်ထွတ်ဖို့ ထွက်ပေါက်တစ်ခုကို အငမ်းမရ ရှာဖွေသူက ကောင်လေးပါ ။
                            နှစ်ယောက်ကြားက တစ်ဖြစ်ဖြစ်မည်အောင်လောင်ကြွမ်းနေသော မီးပုံလေးကို အကြည့်တစ်ချက်ငဲ့ပြီး ရင်တွင်းကဗျာတစ်ပုဒ်ရဲ့အစမှာတင်   ကောင်မလေးရဲ့ နာမည်ဟာ ကောင်လေးရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ထွက်လာတယ် …………သုံကြိမ်တိတိပေါ့ 

-ှင်ြး-ိုးေ- / ၃ /

                              နောက် ကောင်မလေးရဲ့ ရူပါရုံအလှတရား၊ မကုန်ခမ်းနိုင်သော အရည်အချင်းတွေကို မွတ်သိပ်စွာ သီကုံးဖွဲ့ဆိုလိုက်ချိန်မှာ ကောင်လေးရဲ့မျက်နှာဟာ အတော်ကြာကြာ ငတ်မွတ်နေသောရေကို အရသာခံသောက်လိုက်ရသလိုမျိုး ကြည်ရွင်လင်းလက်လာတယ် ။ပြီးတော့ နှစ်ယောက်သားဆုံခဲ့သော ပုံရိပ်တွေကို ကောင်လေးရဲ့ တစ်ဖက်သက် အမြင်နှင့် သီကုံးဖွဲ့ဆိုနေလိုက်တာ ၊               ။
                                 ကောင်မလေးကို သူစတွေ့ချိန်ကနေ ချစ်မိသွားသည်အထိ ရင်ထဲမှာ ထင်ဟပ်လာတဲ့ ကောင်မလေးရဲ့အလှကို နူးညံ့သောစကားလုံးတွေနှင့် ခပ်လွင်လွင်လေးရွတ်နေတယ် ။  ငြိမ့်ညောင်းစွာစီးဆင်းနေသော စမ်းချောင်းထဲ စိတ်အစဉ်က ရွတ်လွင့်နေသလိုမျိုး …………
စတင်ပျံသန်းဖို့ လိပ်ပြာတောင်ပံ ခက်လိုက်သလိုပါပဲ ကြည်နူးဖွယ်အရောင်တွေနှင့် တစ်ဖြတ်ဖြတ် လွင်ခံနေတယ် ။ ဆိုင်ကယ်ဦးထုပ်လေးဆောင်းပြီး သူ့ရှေ့ရောက်လာတဲ့နတ်သမီးတစ်ပါးဆန်ဆန် ။ အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ယောက်အကြောင်းသာလျင် လောကကြီးမှာ အရေးပါသလို ၊ အတိတ်ပြန် လွမ်းစိတ်တွေကြောင့် ဒီနေရာအရောက်မှာ ကောင်လေးမျက်နှာမှာ ညို့မှိုင်းဆွေးမြည့်သွားတယ် ။
                                   ထိတွေ့မှုတွေ ၊ ရင်းနှီးမှုတွေ ၊ နားလည်ခွင့်လွတ်မှုတွေကနေ တရစ်ရစ် သံယောဇဉ်ကြောင့် ချစ်ခြင်းတရားတွေသူ့ရင်ထဲမှာ မသိမသာခိုဝင်လာတဲ့အကြောင်းကို   ကောင်လေးရင်ထဲက ဖွင့်အံထွက်လာတယ် ။
                                   ယောက်ျားတစ်ယောက်ရဲ့ မာနတွေခဝါချခံလိုက်ရသလို ရိုကျိုးစွာနှင့်ပေါ့ …………..
                                   ဒီနေရာအရောက်မှာ ကောင်မလေးက ထင်မှတ် မထားသော မေးခွန်းကို အမေးခံလိုက်ရသလို ၊ အငိုက်မိခံလိုက်ရသော သမင်မ တစ်ကောင်ရဲ့ မျက်လုံးမျိုးနှင့် ဖြတ်ခနဲမော့ကြည့်လိုက်တယ် ။ ကောင်လေးကတော့ သူကဗျာထဲမှာပဲ တစ်စတစ်စ   နှစ်ဝင်နေတယ် ၊         ။  ဆက်လက်ရွတ်နေတယ် ၊ ကောင်မလေးကို ဘယ်လောက်ချစ်သွားကြောင်း တစ်စုံတစ်ယောက်ကို တိုင်တည်နေသလိုမျိုး သစ္စာကတိတွေ အထပ်ထပ်ပေးလို့ ရွတ်ဆိုနေတယ် ။

                                  တစ်ချို့နေရာတွေမှာ ကောင်မလေး မျက်ခုံးတွင့်သွားတယ် ၊ဆိုရုံလေးပါပဲ ၊ ဖတ်နေကျ ဝတ္ထုကိုဖတ်နေသလို ၊ ပြုမူနေကျ ထက်ပိုပုံမရစွာ နေရာပြင်ထိုင်ရင်း  ၊ စွေ့ကနဲ   ဝေ့တိုက်လိုက်သော ဆောင်းလေအေးကို ကာကွယ်တဲ့အနေနဲ့ အနွေးထည်စကို ရင် ဘက်လုံအောင်ဆွဲစေ့လိုက်တယ် ။
                                  နှစ်ယောက်သား အထူးတလည်လုပ်ရှားမှု မဲ့လို့ ထိုင်ခုံမှာတိတ်ဆိတ်စွာ ထိုင်နေကြတယ် ။ကောင်လေးကတော့ ရင်တွင်းကဗျာတွေကို ဆက်ရွတ်နေတယ် ၊ တစ်ခါတစ်ခါ ကောင်မလေးက သူတို့ရှေ့က မီးပုံကို မီးရှိန်ရလာအောင် ပြင်ပြင်ပေးနေတယ် ။
                                 ချစ်ခြင်းတရားတွေပြည့်နေပေမယ့် မဆုံနိုင်တဲ့မျဉ်းပြိုင်နှစ်ကြောင်းရဲ့ဆုံမှတ်ကို ရူးသွပ်စွာ ဝရုံးသုံးကား ရှာဖွေနေရတဲ့ ကောင်လေးရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေနှင့် တရွတ်တိုက်ပြီး ဘဝကို ဖြတ်သန်းနေရတဲ့အကြောင်း ၊ တဖြည်းဖြည်းနှင့်   ကောင်းလေး အသံထဲမှာ   နွမ်းလျ သံတွေစွတ်လာတယ် ။
                                  သူတို့နှစ်ယောက်ရယ် ၊ ရှေ့ကမီးပုံလေးရယ် ၊ ပတ်ဝန်းကျင်က
မြက်ခင်းစိမ်းစိမ်းရယ် ၊ ထိန်လင်းနေသော လမင်းတစ်စင်းရယ် ၊ ဆိတ်ငြိမ်သာယာဖွယ်ကောင်းသောလောကကို အေးချမ်းသော ဆောင်းရာသ်ီက
လွမ်းခြုံထားတယ် ။ ဒါပေမယ့် ကောင်လေးရင်ထဲက ထုထည်ကြီးမားသော ခံစားချက်တွေဟာ ပတ်ဝန်းကျင်ကအရာအားလုံးကို တစ်စစ ဝါးမျိုလာတယ် ။ တွန်းလှံနိုင်မှု မဲ့စွာ အရောင်ဆိုးခံလိုက်ရတယ် ။ မှုံပျအုံ့မှိုင်းလို့လာတယ် ။


ရေးထားတာကြာပါပီ အဆက်ကို ခုဆက်ရေးနေလို့  အရင်ဟာကိုပြန်တင်လိုက်တာ ( နောက်လလာမည်ပေါ့ ) 


မိုးဇက်