________________________________________________________________________________________________________________________________________ |||||| နှစ်ဦးသဘောတူနေ့ဆွဲများ |||||| ____ မြင်မြင်ခြင်းတစ်ယောက်ဘဝထဲကိုတစ်ယောက် လေးလေးနက်နက်နစ်မြုပ်ခဲ့ကြ ......___________________ တွေ့တွေ့ခြင်းတစ်ယောက်အာရုံထဲရှိတာတစ်ယောက် အလိုအလျှောက်သိမြင်နားလည်ခဲ့ကြ ......._________________ တစ်ယောက်ရင်ဘက်ကိုတစ်ယောက် ဓါးနှင့်ပေါက်လက်တည့်စမ်းခဲ့ကြ ~~ ~~~________________ စိတ်ကူးယဉ်ကိတ်မုန့်တစ်လုံးကို အတူဖုတ်ပြီး မက်မက်မောမော စားခဲ့ကြ ...............___________________ ကျေနပ်ခြင်းသီးစုံဖျော်ရည်တစ်ခွပ်ကို အတူဖျော်ပြီး အငမ်းမရမော့သောက်ခဲ့ကြ ......______________________ ပင်စည်တစ်ခုပေါ် ပိုးမွှားတွေလိုတွယ်ကပ် ~~~ ~~~~ ပြင်းပြတဲ့တပ်မက်ခြင်းတွေနှင့် အတူတစ်ကွရှင်သန်ခဲ့ကြ .......______________________ တစ်ယောက်အိမ်မက်ကိုတစ်ယောက်ဖောက်ထွင်း ~~~ ~~~ ငြိမ်သက်ခြင်းကြမ်းပြင်ပေါ်မှာ ပင့်သက်တွေ ပြစ်ချခဲ့ကြ ......._______________________ တစ်ယောက်မျက်လုံးထဲတစ်ယောက်ပြေးဝင် ~~~ ~~~ ပွင့်ပွင့်လင်းလင်းချဉ်ခြင်းတတ်ခဲ့ကြ ......... ______________________ တစ်ယောက်မနက်ဖြန်ကိုတစ်ယောက်စာချုပ် ~~~ ~~~ မမြင်ရတဲ့အချိန်ကာလကို ဖမ်းဆုပ်ခဲ့ကြ .......___________________________ ပြန်စဉ်းစားကြည့်တော့ နောက်ကျနေတဲ့ ရထားပေါ်မှာ ~~~ ~~~ ကြင်ကြင်နာနာပြစ်မှား တစ်ယောက်နှင့်တစ်ယောက် ပြစ်စလက်ခတ်အသားခြင်းထိမိခဲ့ကြ ........______________________________ ရေစီးသန်တဲ့မြစ်ကိုစွန့်စွန့်စားစားကူးဖြတ် ~~~ ~~~ တစ်ယောက်အတ္တကိုတစ်ယောက် ကြက်ခြေခတ်မိခဲ့ကြ .........________________________________ ရှုပ်ထွေးကောက်ကွေ့လွန်းတဲ့လောကအလယ် ~~~ ~~~ တစ်ယောက်နှင့်တစ်ယောက် မိုက်မိုက်ကမ်းကမ်း ငြိတွယ်မိခဲ့ကြ ~~~ ~~~~ ဘာများဆန်းကျယ်လို့လဲကွယ် ... ...__________________________ လှသန်း(လက်မရွံ့ ကဗျာဆရာ)

မှတ်တမ်းဟောင်းနံပါတ် ၃၀



ဟောဒီ မိုးသည်းတဲ့တစ်နေ့မှာ
စတွေ့ခဲ့တဲ့မင်းပုံရိပ်က
ငါ့အာရုံတွေကို ခုချိန်ထိမှောက်မှားဆဲပဲ ။           ။

မင်းနာမည်ကို တစ်ကိုယ်တည်းရေရွတ်လို့
ပြန်ဆုံမဲ့နေ့တွေကိုလက်ချိုးရေတွက်ရင်း
အလွမ်းဆိုတာ ငါ့အတွက်
ပုံမှန်တတ်နေတဲ့ ဒီရေ ။         ။

ဟောဒီမိုးသည်းသည်းအောက်မှာပဲ
ငါ့ရှေ့က ဖြတ်ကနဲ ထွက်ခွာသွားတဲ့မင်းကို
နာကျဉ်းရမှာလား ၊ ခွင့်လွတ်ရမှာလား ?
ခုချိန်ထိ ပြန်လှန်မေးခွန်းတွေနှင့်
ငါ့ညတွေ မိုးမလင်းနိုင်သေးဘူး ။           ။

အတိတ်မေ့သလို ရွှေပျောက်သလိုနှင့်
ငါ့အချစ်ကို နောက်ပြောင်ကျီစယ်
နေသလား ချစ်သူ ..........
တယုတယ ဖူးပွင့်ခဲ့တဲ့ ငါ့အချစ်ကို
လွယ်လွယ်မေ့ပြစ်တာလား
မေ့ပြစ်ဖို့လွယ်တာလား ?

မင်းနှုတ်ခမ်းတွေနှင့်
ညနေဆည်းဆာအောက်မှာ
ဆုတ်ချက်ကြမ်းကြမ်း ရေးဆွဲတုန်းက
ရင်ဘက်တစ်ခုလုံး အုတ်အော်သောင်းနင်း
ဖြစ်သွားတာ မှတ်မိသေးတယ်ချစ်သူ ။          ။

ဘယ်ဘက်ရင်အုံမှာ သစ္စာတရားတို့
နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ချိန်မှ
မင်းထွက်ခွာသွား ရက်တယ် ချစ်သူ  ။         ။

အဲဒီနေ့က ဟောဒီလမ်း (၃၀) ပေါ်မှာ
မိုး / မျက်ရည်တွေ သည်းသည်းကျနေတာ
ပြန်တွေးတိုင်း ငါ့မျက်ဝန်းမှာ
မိုးသည်းတယ် ချစ်သူ ။        ။
ပြန်လာခဲ့ပါ ချစ်သူ
အာရုံတတ်တိုင်း မင်းရဲ့အပြုံးနုနုနှင့်
မျက်နှာသစ်ချင်တယ် ။           ။

မိုးဇက်

ချစ်ခဲ့တယ်ပေါ့ဗျာ


ချစ်ခဲ့တယ် 
တစ်စစ နစ်ဝင်သွားအောင်ကို ချစ်ခဲ့တယ် ။         ။
ချစ်ခဲ့တယ်
သံသရာ အဆက်ဆက်
ငါ့ချစ်ခြင်းတွေနှင့် ဟစ်ကြွေးခဲ့တယ် ။          ။
ချစ်ခဲ့တယ်
ပြီးပြည့်စုံအောင်ကို ဖြည့်တွေးချစ်ခဲ့တယ် ။          ။
ချစ်ခဲ့တယ်
ဟောဒီ ရင်ဘက်နှင့်အပြည့်
တစ်ရာသီလုံးစာ ချစ်ခဲ့တယ် ။           ။
ချစ်ခဲ့တယ်
ဟောဒီလက်နှစ်ဘက်နှင့်
ငါတို့နှစ်ယောက်ရဲ့အနာဂတ်တွေကို
မျှော်လင့်ချက်တွေနှင့်
အချိုးကျကျ ထုဆစ်ခဲ့တယ်။             ။
ချစ်ခဲ့တယ်
ငါ့ဘဝတစ်ခုလုံး မင်းလက်ထဲ
လွတ်ကျသွားအောင်ကို ချစ်ခဲ့တယ် ။              ။
ချစ်ခဲ့တယ် ဆိုပေမယ့်
မင်းနောက်ဆုံးပြောခဲ့တဲ့ စကားက
ငွေသံကြေးသံ တစ်ချွန်ချွန်နှင့်
...........................................
ချစ်ခဲ့တာပဲရှိတယ်
ချစ်ခဲ့ခြင်းပဲ ရှိတယ်
မချစ်တတ်ခဲ့တော့ ငါ့အတိတ်နှင့်ငါ
သံသရာတစ်လျှောက်လုံး ဒီဒဏ်ရာကို
ငါ့ဘာသာ ထမ်းပိုးသွားမယ် ။                 ။

မိုးဇက်

လက်တို့ပီး ဖုန်းဆက်ခိုင်းတဲ့ ကဝေမလေးတစ်ကောင်




ဟုတ်တယ်မင်းဟာ ကဝေမလေးတစ်ကောင်ပဲ ။
မင်းနှင့်တွေ့တိုင်း ငါ့နှလုံးသားတွေ
ထိတ်လန့်တကြား ထခုန်အောင် ပြုစားလား ပြုစားရဲ့ ။              ။
ဟုတ်တယ် မင်းဟာ ကဝေမလေးတစ်ကောင်ပဲ ။  
ငါ့ဝင်သက်ထွက်သက်တိုင်း
မင်းပုံရိပ်တွေ မင်းနာမယ်တွေ
ပြည့်နေအောင် ပြုစားလား ပြုစားရဲ့ ။              ။
ငါမင်းကိုချစ်တယ် ကောင်မလေးရေ
မင်းနှင့်ပတ်သက်တဲ့ အရာအားလုံးကိုလဲ ငါချစ်တယ် ။
အသဲတွေကြွေမွှ ပျက်ဆီးသွားအောင် ကို ငါချစ်တယ် ။
မြတ်နိုးမှုအထပ်လိုက်ကို သစ္စာတရားနှင့်
ချည်နောင်ပီးတော့ကို ငါချစ်တယ် ။            ။
ဒီချစ်ခြင်းတွေကြောင့် မင်းပြုစားသမျှ
အလွယ်တကူ လည်စဉ်းပေးသလိုဖြစ်နေလဲ
ငါချစ်နေရတာ ဘာကြောင့်လဲ ?
နှလုံးသွေးတွေ အထပ်ထပ်သုပ်လိမ်းပီး
ရေးခဲ့တဲ့ ကဗျာ
အရမ်းကြိုက်မိသွားတဲ့ ကဗျာတစ်ပုဒ်............
ထက်မပိုခဲ့ဘူးလား ကောင်မလေးရယ် ...........
ဒါပေမယ့် ကောင်မလေးရေ
ကျီစယ်မှု လက်သင့်ခံနိုင်လောက်အောင်
ငါ့အသဲတွေ ခံနိုင်ရည်မရှိဘူး ။            ။
ကောင်မလေးရေ ၊
စတွေ့ကတည်းကခုန်ခဲ့တဲ့ အသဲ
ဗြုံးစားကြီး မကွဲချင်ဘူး ၊
မြတ်မြတ်နိုးနိုးထားခဲ့တဲ့ ငါ့ချစ်ခြင်း
ပစ္စလက်ခတ် ပျက်ရယ်ပြုရက်တယ် ကောင်မလေးရေ ။               ။
မကျီစားပါနှင့် ကောင်မလေးရယ်
ညည ဖုန်းတစ်လုံးနားမှာပဲ
ဟုတ်ပါ့မလား ဆိုတဲ့သံသယ နှင့်
သုံးညမိုးလင်းခဲ့တယ် ။                ။

 မိုးဇက်

နှစ်နှစ်ပြည့်မြောက်ခဲ့ပီ ............

“နှလုံးသားတစ်ခု၏စွတ်ကြောင်း ” ဘလော့ဟာ ဒီနေ့ဆိုရင် ( ၂ ) နှစ်ပြည့်မြောက်တဲ့အချိန်တောင်ရောက်လာပါပီ ။ အားပေးကြတဲ့သယ်ချင်းတွေကိုလဲ ကျေးဇူးအထူးတင်ပါတယ် ။ ဒီ “ နှစ်လုံသားတစ်ခု
၏စွတ်ကြောင်း ” ကိုအရင် www.mosesblack.blogspot.com အဖြစ်နှင့်စရေးဖြစ်တာပါ ၊ ပထမ စ ရေးဖြစ်တာက Black မြှောက်ပေးတာလဲပါတယ် ၊ ကိုယ်ကလဲ ခရီးခဏခဏသွားဖြစ်တော့ ကိုယ်ရေးထားတဲ့ ကဗျာစာအုပ်တွေ တပွေ့တပိုက်နှင့်ဆိုတော့ ဝန်ပိုတယ် ဒါကြောင့် ကိုယ့်ကဗျာလေးတွေကို ဆိုက်ဘာပေါ်တင်ထားတော့ အဆင်လဲပြေ ၊ မှတ်တမ်းတစ်ခု အဖြစ်လဲ ဖြစ်သွားတာပေါ့ ၊ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ကျွန်တော့နှလုံးသားရဲ့ ခံစားမှုတွေအကြောင်းဖြစ်လို့ “နှလုံးသားတစ်ခု၏စွတ်ကြောင်း ” လို့ပေးဖြစ်တယ် ၊ ပထမတော့ သိတဲ့အတိုင်း မြန်မာပြည်ရဲ့ ကွန်စုတ်ကြောင့် ကိုယ့်ဆိုက်ကို ကောင်းကောင်းမပြင်နိုင်ဘူး ၊ ဖြစ်သလိုပဲ ကိုယ့်ကဗျာလေးတွေ တင် ၊ ကိုယ့်ဘာသာဖက်ပေါ့ ။ သူများဆိုက်တွေတော့လည်ဖြစ်တယ် စာဖတ်ပြန်အဆင့်ပဲ ။ သူများဆိုက်မှာလဲ ကိုယ့်လင့်ကိုချိတ်ထားကြတာမရှိ ၊ ဆိုတော့ ဘယ်သူမှလဲမသိဘူး ကိုယ့်ဆိုက်ကို ၊ ဒါပေမယ့် အစ်မဂျက်စမင်းနှင့် အစ်မအိမ်ဂျယ်လှိုင်တို့က ဘယ်လိုရောက်လာတယ်မသိပါဘူး အမယ် အမာခံပရိသက်ကိုဖြစ်လို့ ........း) နောက်တော့ အဲ့ဆိုက်ကို ဟက်ခံထိသွားတယ် ( အကြောင်းတစ်ခုကြောင့်ပါ ) ကျွန်တော့ဗျာ ဘယ်လိုမှကိုအဖက်ဆယ်လို့မရတော့ဘူး ၊ သယ်ချင်းတွေကိုအကူအညီတောင်းတော့လဲ သူတို့လဲ ကြိုးစားပေးပါတယ် ၊ ဒါပေမယ့် အဲ့ဆိုက်ကို လုံးဝလက်လွတ်လိုက်ရတယ် ၊ ဒါနှင့် ကျွန်တော်လဲ လိုင်းတစ်လိုင်းကို အလျှင်အမြန်ဝယ် ၊ www.moses-black.blogspot.com ဆိုပီး အသစ်ပြန်ဖွင့်ရတယ် ၊ အကုန်အစကနေ ပြန်လုပ်ရတယ်ဗျာ............လိုင်းလေးရှိလာတော့ သူငယ်ချင်းတွေအများကြီးရလာတယ် ။ သူတို့ကအသေအချာကို လာဖတ်ပေးကြပါတယ် (သယ်ချင်းအားလုံးကိုကျေးဇူးပါ ) ။ စကားမစပ် အမဂျက်တို့ အားပေးချက်ကတော့ တစ်ကယ်လက်လှန်တယ် ၊ တစ်ည ကျွန်တော် ....................... အဲ့ဝတ္ထုလေးကို တင်လိုက် မကြိုက်သေးလို့ စာလေးနည်းနည်းထပ်ဖြည့်လိုက်လုပ်နေတာ ပီးလဲပီးရော ကွန်မန့်တစ်ခုရောက်နေတယ် ၊ ကျွန်တော် ဖျားသွားတယ်း) ကိုယ်တောင်တင်မပီးသေးဘူး ဖတ်တဲ့လူကဖတ်ပီးကွန်မန့်တောင်ပေးပီးသွားတယ်ဆိုတော့ စဉ်းစားသာကြည့်း) ကြည့်လိုက်တော့ အမဂျက် ၊ အားပေးတာကြောက်ဖို့ကောင်းတယ်နော်................း) ဒီလိုနှင့် “ နှလုံးသားတစ်ခု၏စွတ်ကြောင်း ” ဘလော့လေး ဒီနေ့တော့ နှစ်နှစ်ပြည့်မြောက်လာပါပီ ၊ ဆက်လက်ပီး ကဗျာရေးလိုက် စာဖတ်လိုက် နှင့် ကျွန်တော် ဆက်သွားမယ်...............

မိုးဇက်


 ကျွန်တော်နှင့်မိုးဇက်သိတာကြာပါပီ ၊ ကျွန်တော်က ဒီလိုပါပဲ ကျွန်တော်တို့နိုင်ငံတစ်ကယ်ကောင်းတာဖြစ်စေမယ့် ကိစ္စကို ကိုယ်တတ်နိုင်သလောက် လုပ်ပေးနေတဲ့လူတစ်ယောက်ပါ ၊ မျက်စိပိတ် နားပိတ်ဖြစ်နေတဲ့နေရာမှာ အရေးကြီးတဲ့မက်ဆေ့လေးတွေကို အားလုံးသိစေချင်တယ် ၊ ဒီတော့ ညိုကြီး နှင့်ဘလော့စရေးဖြစ်ပါတယ် ( အမှန်က သူရေးတာပါ ကိုယ်က နည်းနည်းပါးပါးကူညီရုံပါ ) ၊ နောက်တော့ မိုးဇက်နှင့် တွဲပီး ဘလော့တစ်ခုလောက်ရေးဖို့ အကြံဖြစ်လာတာနှင့် သူ့ကိုဘလော့ရေးဖြစ်အောင်ပြောတော့ ၊ နှစ်ဦးသဘောတူ မိုးဇက်နှင့်ဘလက်ဆိုပီး လိပ်စာကိုသုံးလိုက်တာပါ ၊ သူလဲသူကြိုက်တဲ့ကဗျာ တင်ပါတယ် ၊ ကျွန်တော့်ကိုလဲ အကောင့်ခွဲပေးထားတော့ ကျွန်တော်ထက်သန်ရာလေးတွေ တင်ဖြစ်ပါတယ် ၊ ဒီလိုနှင့် သူ့ဘလော့လေးက နှစ်နှစ်တောင်ပြည့်ခဲ့ပါပီ ၊ နှစ်နှစ်ပြည့်တဲ့နေ့မှာပဲ့် ဆုံးဖြတ်ဖြစ်တာက ကျွန်တော်တို့တွေဝင်ရေးတော့ သူ့အတွက်အခက်အခဲတွေရှိလာနေသောကြောင့် ခွဲပေးထားတဲ့ အကောင့်ကို ပြန်ပေးသင့်တယ် ။ ကိုယ်တင်ချင်တာလေးရှိရင် သူလဲသဘောကျရင်တော့ တင်ဖြစ်မယ်ထင်ပါတယ် ၊
တစ်ခါတစ်လေ အနုပညာသမားတွေဟာ သူတို့စိတ်ကြိုက်လုပ်ခွင့်ပေးထားရင် အနုပညာဇောင်းပိုထက်လာတယ်မို့လား ...........................

Black 



အဟဲ.....ကျွန်တော်ကတော့ မိုးဇက်တို့ ဘလက်တို့နှင့် ငယ်ပေါင်းကြီးဖေါ်ပါ ၊ မိုးဇက်ဘလော့ရေးတယ် ကြားတော့ ကျွန်တော်လဲ နည်းနည်းကလိချင်တာနှင့် သူ့ကိုနည်းနည်း နက်ဆိုးကျလိုက်တာ အဟီး ကျွန်တော့ကိုအကောင့်တစ်ခု ခွဲပေးပါတယ် ။ ကျွန်တော်ပို့တော့ သိပ်မတင်ဖြစ်ပါဘူး ၊ စာတွေလိုက်ဖတ်ဖြစ်တာများတယ် ၊ ဘလော့ရပ်ဝန်းမှာ တစ်ချို့စာတွေ မြန်မာပြည် ဂရမ်ဒီ ရှိရင်ပေးလို့ရတယ် ၊ တစ်ချို့စာတွေက ကလေးတွေစာဖတ်လေ့ကျင့်လိုရတယ် ၊ အဟဲ............ဒီလိုနှင့်ပေါ့ဗျာ မိုးဇက်ရဲ့ ဘလော့က ဒီနေ့ နှစ်နှစ်ပြည့်သွားပီ၊ ဟိုနေ့က သူ့မှာပြသနာတစ်ခုတတ်လို့ အသဲအသန်ဖြေရှင်းလိုက်ရတယ် ( ခုတော့အဆင်ပြေသွားပါပီ ) ၊ နက်ဆိုးဆိုပေမယ့် သူ့အတွက်တော်တော်စိတ်မကောင်းဖြစ်သွားတယ်  ၊ ဒါနှင့် ဒီနေ့ နှစ်နှစ်ပြည့်နေ့လေးမှာ ဘလက်ပြောသလို အကောင့်ပြန်အပ်လိုက်တယ် ။ ဒါပဲ........


နက်ဆိုး ( Demon )








ရှုပ်ထွေးမှု တစ်ခု

ငါမင်းကို ဘယ်လိုအခြေအနေပဲရောက်နေနေ ငါချစ်နေတယ် ။
ငါဘယ်လိုပဲဖြစ်နေနေငါချစ်နေတယ် ။
မင်းဘယ်လိုပဲဖြစ်နေနေငါ ချစ်နေတယ် ။
မင်းမှာဘာပဲဖြစ်နေနေ ငါ ချစ်နေတယ် ။
ဟော ............. စကားတွေက ရှုပ်ထွေးသွားပြန်ပီ ။

ငါ့နှလုံးခုန်သံကို မင်းစီးချက်လိုက်ကြည့်ပါ
အထက်အောက် . ဘယ်ညာ . တောင်မြောက်
ညိမ့်ညိမ့်လေး ၊ တသွင်သွင် ၊ ညင်သာပျော့ပျောင်းစွာ
ငါ မင်းကို ချစ်နေတယ် ။
မင်းအာရုံထဲမှာ မင်းသာကိုးကွယ်ရာ
ငါ့အာရုံထဲမှာ မင်းသာမြတ်နိုးရာ
မင်းစိတ်အစဉ်မှာ မင်းသာမင်းသမီး
ငါ့နှလုံးသားမှာ မင်းဟာထာဝရ
မင်းဘဝမှာ မင်းကိုယ်မင်းတည်ဆောက်
ငါ့ဘယ်ဘက်ရင်အုံမှာ မင်းဘဝအတွက် နန်းတည်
ဟော .......................စကားတွေက ရှုပ်ထွေးသွားပြန်ပီ ။

ဘဝရဲ့ စာမျက်နှာမှာ မင်းဘယ်နှခါ
နှလုံးခုန်လိုက်လဲ ?
ငါ့စာမျက်နှာတော့ မင်းပုံရိပ်တွေ
ခက်လှလှလေး ဆုတ်ချက်ပြင်းပြင်း
ရေးဆွဲလို့
မင်းကို ငါချစ်နေတယ် ။

ဟော................
ရှုပ်ထွေးနေတဲ့စကားလုံးတွေ
ရှုပ်ထွေးနေပေမယ့် လိုရာကိုရောက်သွားပီ
မင်းကို ငါချစ်နေတယ် ။                ။
မိုးဇက်

နံရိုးတစ်ချောင်းရှာတွေ့ခြင်း



ချစ်သူ
ဘာကိုမှ အတိအကျမသိရတဲ့လောကကြီးမှာ
ငါမင်းကို စတင်တွေ့ရှိခဲ့တယ်..
အဲဒီနေ့က ငါ့ရင်ခွင်မှာအပြာရောင်တွေ
တလက်လက် တောက်ပခဲ့တယ် ။
နှလုံးသားကို အမြစ်တွယ်ပြီး
အချစ်ဆိုတဲ့ သစ်ပင်လေးမှာ
သစ္စာပန်းတွေ  အဆုပ်လိုက်
ဖူးပွင့် ဝေဆာ သွားခဲ့တယ်..........။                 ။

ချစ်သူ
မင်းဟာငါ့အတွတ်
2 ဖြစ်သလို
ငါဟာမင်းအတွက် ဖိနပ်တစ်ရံဖြစ်ပါရစေ ။               ။

ချစ်သူ
နှင်းမှုန်တွေပွင့်ကွဲနေတဲ့
ဆောင်းရဲ့ အရိပ်အောက်မှာ
ကြွေအံ့မှုးမှုးသစ်ရွတ်တခုရဲ့နွေရိပ်အောက်မှာ
တဖြုတ်ဖြုတ်ကြွေနေတဲ့ မိုးခတ်တို့ရဲ့အလယ်မှာ
အစဉ် လမ်းဆမ်းထာဝရ မညိုးနွမ်းတဲ့
ငါ့ရင်ထဲက ပန်းတပွင့်ကို
ခိုင်ကျဉ်တဲ့လက်တစုံနှင့် ပန်ဆင်ပေးပါရစေ ။             ။

ချစ်သူ
မင်းသိရဲ့လားဟင်
မင်းရဲ့မျက်ဝန်းနက်နက် တစုံအောက်မှာ
မင်းရဲ့အပြုံးနုနုအောက်မှာ
ငါ့ဘ၀ကိုစေစား ညို့ယူနိုင်ခဲ့တဲ့
မင်းရဲ့နှုတ်ခန်းနှစ်လွာ အောက်မှာ
ငါ့အသည်းခံတပ် ကျဆုံးခဲ့တယ် ။              ။

ချစ်သူ
မင်းသိရဲ့လားဟင်
မင်းမရှိတဲ့ အရပ်တွေမှာဆို
ကဗျောင်းကဗျန်ဖြစ်သွားတဲ့ ငါ့နှလုံးသား
ကသောင်းကနင်း ဖြစ်သွားတဲ့ငါ့စိတ်တွေဟာ
ဘယ်အရာကိုမှ ခံတွင်းမတွေ့တော့ဘူး ။              ။

ချစ်သူ
မင်းဟာငါ့အတွက် ကမ္ဘာဦးအစက
ငါ့ရဲ့နံရိုးလေးဆိုတာ သေချာတယ်
မင်းဘယ်နေရာတွေမှာ ခလုပ်တိုက်ခဲ့သလဲ
ဘယ်အရာတွေ ပေစွန်းခဲ့သလဲ
မပြောပါနဲ့ချစ်သူ
ဒါတွေဟာငါ့အတွက် အရေးမကြီးတဲ့
သင်ခန်းစာ ခေါင်းစဉ်တွေလိုပဲ
ယုံကြည်မှုအပြည့်နဲ့ငါ့လက်ကိုဆုပ်ကိုင်
တွဲလက်တွေ မဖြုတ်စတမ်း ငါ့တို့ဘ၀ရဲ့
ရုပ်လုံးတွေ လှပစွာပုံဖော်ရအောင်ပါ ။               ။

မိုးဇက်

ဒေဝါလီခံလိုက်ရတဲ့..............


မချစ်နိုင်မှန်းသိလျှက်
ဇွတ်တိုးခဲ့တဲ့ ငါ့အသည်း
ဇာတ်လမ်း မဆုံးခင်မှာဘဲ
အမုန်းတံဆိပ်ကို လှပစွာနှင့်
ငါ့ရင်ဘတ်မှာ ခပ်နှိပ်ခံရပြီ..........

ဆိုခွင့်မရှိတဲ့ သီချင်းကိုမှ
ငါဟာ မိုက်မဲစွာသီဆိုခဲ့တာပါ ။          ။

မင်းပစ်လိုက်တဲ့ ဓားတစ်ချောင်း
ငါ့ရင်ဘက်မှာ စိုက်ဝင်သွားတုန်းက
သီချင်းတွေ အဆုံးအသတ်သေးဘူး ။            ။

မသပ်မရပ် လှည့်စားချက်တွေအောက်က ငါ
ခွင့်လွတ်အချစ်တွေကို
ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့တယ် ။           ။

တကယ်ဆိုရင်
ပစ္စလက်ခတ်ကို ကျရှုံးခဲ့တဲ့နှလုံးသား
အမုန်းစကားတွေဟောတဲ့
မင်းနှုတ်ဖျားမှာ ငါကျွတ်တမ်းဝင် သင့်ပါပြီ ။           ။

မိုးဇက်